ဖားကန့် မြေစာပုံ ထပ်မံပြိုကျ လူ ၃ဝ ကျော် ပိတ်မိနေ


2015.12.26
pharkant-machin-620.jpg ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကန်ခမ်စုပေါင်းမြေစာပုံမှာ ဒီဇင်ဘာ ၂၅ ရက် မနေ့ညနေပိုင်းက မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက်ရှာနေသူ ၃ဝ ကျော် မြေစာပုံထဲ ပိတ်မိနေတယ်လို့ သတင်းထွက်နေပေမယ့် အခုအချိန်ထိ ရှာမတွေ့သေးဘူးလို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ကုမ္ပဏီနဲ့ ဌာနဆိုင်ရာတွေက ရှာဖွေနေပေမယ့် ရုပ်အလောင်းတွေ မတွေ့သေးကြောင်းနဲ့ အခုချိန်အထိ လူပျောက်နေကြောင်း စာရင်းလာပေးသူ သုံးယောက်ပဲရှိသေးတယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောပါတယ်။

"ကျနော်တို့အဖွဲ့တွေ အကုန်သွားပြီးတော့ အဲ့ဒီကုမ္ပဏီက ဘတ်ဖိုး ၅ စီးနဲ့ မနက် ၈ နာရီကနေ အခုအချိန်အထိ ရှာနေတယ်၊ အခုအချိန်အထိတော့ တစ်ယောက်မှမတွေ့သေးဘူး၊ ပြိုတဲ့ပမာဏက ဟိုအရင်တစ်ခါဖြစ် သလောက် မကြီးဘူးလေ ပမာဏသေးတယ်၊ အမြင့်ကလည်း အရင်ဖြစ်သလောက် အမြင့်မရှိဘူး၊ သူတို့ခန့်မှန်သလောက် သုံလေးဆယ်လောက် ပါတယ်ဆိုရင်လည်း ကျနော်တို့ဆီမှာ ပျောက်သွားတဲ့သူတွေ၊ စာရင်းပေးတဲ့သူတွေလည်း အများကြီးရှိတယ်၊ အခုလို ကျနော်တို့ အချိန်ပေးပြီးရှာတဲ့အပေါ်မှာလည်း အနည်းဆုံးတော့ တစ်ယောက်နှစ်ယောက်တော့ တွေ့ရမှာပေါ့၊ ပျောက်တယ်ဆိုတာ စာရင်းပေးတာ ၃ ယောက်ပဲရှိတာပေါ့"

အခုပြိုကျတဲ့ မြေစာပုံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ပြိုခဲ့တဲ့ မြေစာပုံနဲ့ တဆက်တည်းဖြစ်ပြီး UWSA " ဝ " ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော်နဲ့ နီးစပ်တဲ့ မြန်မာတကောင်းလို့ ခေါ်တဲ့ ရာဇဋ္ဌာနီ ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံလို့ သိရပါတယ်။

ဖားကန့်ဒေသမှာ မကြာခဏ မြေစာပြိုကျလေ့ရှိရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က အဲ့ဒီ ကန်ခမ် စုပေါင်းမြေစာပုံမှာပဲ မြေစာပုံပြိုပြီး လူ ၁၁၄ ယောက် သေဆုံးမှုဟာ ဒီနှစ်အတွင်း အများဆုံး လူသေဆုံး ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ကန်ခမ် စုပေါင်းမြေစာပုံတစ်ဝိုက်မှာ နေထိုင်နေတဲ့ တဲအိမ် ၁ဝ၈ လုံးကို ပြောင်းရွေ့ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေစာပုံတစ်ဝိုက်မှာ ရေမဆေးကျောက်ရှာရင် အန္တရာယ်ရှိတယ်ဆိုတဲ့အကြောင်း ဆိုင်းဘုတ်ထောင် ထားပေမယ့် အဲ့ဒီဆိုင်းဘုတ်တွေကို ဖျက်ဆီးထားတယ်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

မြေစာပုံပြိုတဲ့နေရာကို ရောက်ရှိနေတဲ့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်မိုးမိုး ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။