ဖားကန့်အချုပ်ထောင်က ပစ်ခတ်မှုကြောင့် အရပ်သူတစ်ဦး ဒဏ်ရာရ

RFA Burmese
2023.02.24
ဖားကန့်အချုပ်ထောင်က ပစ်ခတ်မှုကြောင့် အရပ်သူတစ်ဦး ဒဏ်ရာရ ဖားကန့်အချုပ်ထောင်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်ကျေးရွာ ဖားကန့်အချုပ်ထောင်မှာစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီလ ၂၄ ရက် ဒီနေ့မနက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မဇွပ်ယန်ရွာထဲက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှစ်လုံးလည်း ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

PDF အဖွဲ့တွေကို အချုပ်ထောင်ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ ရွာထဲက အရပ်သားအမျိုးသမီး ထိခိုက်ဒဏ်ရာရခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အစက မဇွပ်ယန်ထောင်ကနေ အရင်ပစ်တယ်။ အဲပြီးတော့ မှော်ဘုံရွာက PDF တွေက ဆိုင်ကယ်နဲ့ ပြန်လာပစ်တဲ့နောက် ထောင်က စကစတွေ ရွာကိုပြန်ပစ်တော့ အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်။ အမျိုးသမီးက ဒဏ်ရာပြင်းထန်တယ်။ ဗိုက်တွေမှာလည်း လက်နက်ကြီးစတွေ ဝင်သွားတယ်ပြီးတော့ သွေးလည်းတော်တော် ထွက်သွားတယ်”

ဒဏ်ရာရရှိခဲ့အမျိုးသမီးဟာ ကလေးနှစ်ယောက်မိခင် ဒေါ်လခိဂျာအန့်ဆိုသူဖြစ်တယ် လို့လည်း ပြောပါတယ်။

ကျေးရွာထဲမှာ လက်နက်ကြီး သုံးလုံးကျရောက်ပေါက်ကွဲခဲ့တာလို့လည်း ပြောပါတယ်။

ဒီနေ့မနက်က ဖြစ်စဉ်နဲ့ပတ်သက်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ မသိသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ စစ်ရေးကိစ္စတွေဖြစ်လို့ သူအနေ့နဲ့ သေချာမသိပေမယ့် ဒဏ်ရာရရှိသူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကိုတော့ ကူညီဖို့အသင့်ပြင်ထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဇွန် ၂၂ ရက် နေ့ကလည်း စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ မဇွပ်ယန် ကျေးရွာက ဖားကန့် အချုပ်ထောင်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။