ဖားကန့်ရောက် မကွေးနဲ့ စစ်ကိုင်းက စစ်ဘေးဒုက္ခသည်တွေ နေရာရွှေ့ပြောင်းရ
2023.02.26

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရှရော်ခရွာကို ထွက်ပြေးလာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဖေဖော်ဝါရီလ ၂၅ ရက်နောက်ဆုံးထား ပြောင်းရွှေ့ဖို့ ရွာလူကြီးတွေက ပြောတာကြောင့် ရွှေ့နေရပြီလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
အများစုဟာ မကွေးတိုင်း မြိုင်၊ ဂန့်ဂေါနဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ PDF တွေရဲ့ တိုက်ပွဲတွေကြောင့် မူလနေရပ်မှာနေဖို့ အဆင်မပြေတော့လို့ ဖားကန့်ဘက်ကို ထွက်ပြေးလာကြပြီး မိုးကာတဲဆောက် နေထိုင်နေကြတာလို့ ဆိုပါတယ်။
ဖားကန့်မှာ တစ်နှစ်ကျော်ကြာ နေထိုင်ခဲ့ပေမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖို့ ရွာလူကြီးတွေက ပြောလာတာလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်ကတော့ မနေ့က ပြောင်းလိုက်တယ်။ အခုလည်း တဲ ၆၀ လာက်တော့ ကျန်သေးတယ် မနေ့ကထိတော့။ အခုဒီနေ့တော့ သေချာမသိတော့ဘူး။ ငွေနည်းနည်းတတ်နိုင်တဲ့သူတွေက အိမ်ငှားပြီးနေကြတယ်။ တချို့က ဆွေးမျိုး နီးစပ်ရာတွေကို ပြောင်းသွားကြတယ်။ သူတို့ ပြောင်းခိုင်းတဲ့နေရာမှာတော့ မိုးတွင်းမှာ အန္တရာယ်ရှိတယ်ဆိုတော့ မနေကြဘူး။ ကိုယ့်နေရာလည်းမဟုတ် သူတို့နေရာမှာ နေတယ်ဆိုတော့ သူတို့ ၂၅ ရက် နောက်ဆုံးရွှေ့ခိုင်းတော့ တာဝန်ကျေအောင် ရွှေ့ပေးလိုက်ကြတာပေါ့။ တချို့ကတော့ အောက်ပိုင်းပြန်ဆင်းသွားကြပြီ”
အဲဒီနေရာမှာ မိုးကာတဲ ၁၅၀ ခန့်ရှိပြီး စစ်ဘေးဒုက္ခသည်တွေကတော့ ဖားကန့်မှာ ရေမဆေးကျောက်ရှာတာနဲ့ ဈေးရောင်းတာ လုပ်ကိုင်ပြီး နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ရှရော်ခဒေသခံတစ်ဦးကတော့ စစ်ဘေးဒုက္ခသည်တွေနေတဲ့နေရာဟာ အရင်က ကျောက်စိမ်းတူးတဲ့ မြေဇာတွေ ပစ်တဲ့နေရာဖြစ်ပြီး ပြောင်းစရာလိုရင် ပြောင်းမယ်ဆိုတဲ့ ဝန်ခံကတိနဲ့ နေခိုင်းထားတာလို့ ပြောပါတယ်။
“အဲနေရာက မြေဇာတွေ ပစ်တဲ့နေရာ။ စစ်ရှောင်တွေက အဲမှာလာနေတော့ ရပ်ကွက်လူကြီးတွေက နေထားခိုင်းတာ။ အကယ်၍ ပြောင်းစရာလိုရင် ပြောင်းပါမယ် ဆိုပြီး ဝန်ခံကတိနဲ့ နေထားခိုင်းတယ်။ အခု ကုမ္ပဏီ အဆောင်တွေ ဆောက်ဖို့နေမယ် အဲတာကြောင့်ပြောင်းခိုင်းတယ်။ ရွှေ့ခိုင်းတာက ရပ်ကွက်လူကြီးတွေ ပြောင်းခိုင်းတာ”
ဘာကြောင့်ရွှေ့ပြောင်းခိုင်းတာလဲ ဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေး ပါဘူး။
လက်ရှိ ရှရော်ခရွာနဲ့ မနရွာဘက်ကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေပြီး ကျောက်စိမ်းတူးဖော်တာတွေကို ဖမ်းဆီးတာတွေပါ ရှိနေတယ်လို့ ဒေသခံက ဆိုပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်က စစ်ဘေးဒုက္ခသည်တွေဟာ ဖားကန့်ဒေသမှာသာမက မြစ်ကြီးနားကိုလည်း အများအပြား ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။