ဖားကန့် သတင်းထောက်အပါအဝင် ဒေသခံ ၁၂ ဦး လွတ်ရက်စေ့နဲ့ ပြန်လွတ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ သတင်းယူနေချိန် အဖမ်းခံခဲ့ရတဲ့ ဖားကန့်အခြေစိုက် သတင်းထောက် ကိုနောင်ရိုး အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရ သူ ၁၂ ဦး အောက်တိုဘာ ၃ ရက်မနေ့မှာ လွတ်ရက်စေ့တာကြောင့် ပြန်လွတ်လာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကနေ အောက်တိုဘာလ ၃ ရက် မနေ့ကအထိ လွတ်ရက်စေ့လို့ ပြန်လွတ်လာသူ ၂၆ ဦးရှိပြီလို့ သပိတ်ကော်မတီဝင်တွေက ပြောပါတယ်။
အခုလွတ်လာသူတွေဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် တစ်နှစ်နဲ့ ငါးလ ကျခံရသူတွေ ဖြစ်ပြီး လုံးခင်းအုပ်စု မဇွပ်ယာန်အကျဉ်းထောင်ကနေ လွတ်ရက်စေ့နဲ့ ပြန်လွတ်လာကြတာလို့ သပိတ်ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကအထိ လွတ်တာလာ ၂၆ ယောက်ရှိပြီ။ စက်တင်ဘာ ၃၀ မှာ ရှစ်ယောက်။ အောက်တိုဘာ ၃ ရက်နေ့မှာ ၁၂ ယောက်။ ရှေ့မှာလည်း တစ်ခါ ခြောက်ယောက် လွတ်တယ်။ သူတို့တွေ့ ဖားကန့် သပိတ်စဖြိုတုန်းက ဖားကန့် ရဲစခန်းရှေ့မှာ ဖမ်းခံရ တဲ့သူတွေ ပါတယ်။ ပြီးတော့ မှော်ဝမ်းသပိတ်မှာ ဖမ်းခံရတာပါတယ်။ မမုံက ဟာတော့ နေအိမ်တွေမှာ ဖမ်းခံရတာ။ အခုလွတ်လာတဲ့ သူတွေအားလုံးက လွတ်ရက်စေ့ပြီး လွတ်လာတာတွေပဲ”
လာမယ့် သီတင်းကျွတ်ပြီးရင်လည်း လွတ်ရက်စေ့နဲ့ ပြန်လွတ်လာမယ့်သူတွေ ရှိနေသေး တယ်လို့ ဆိုပါတယ်။
သတင်းထောက် ကိုနောင်ရိုးကို ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့က ဖားကန့်မြို့အဝင် ပန်းတင်တံတားအနီး သတင်းယူနေချိန်မှာပဲ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မနေ့က လွတ်လာတဲ့ ၁၂ ဦးထဲမှာ သတင်းထောက် ကိုနောင်ရိုးအပြင် မမုံရွာမှာ ညလုံခြုံရေးဂိတ် ထားရှိလို့ဆိုပြီး အဖမ်းခံခဲ့ရတဲ့ အမျိုးသား ၁၀ ဦးနဲ့ လုံးခင်းရွာက အမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဖားကန့်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရသူ အယောက် ၂၀ ဝန်းကျင် ရှိနေသေးတယ်လို့လည်း သပိတ်ကော်မတီဝင်တွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၃ ရက်နေ့ထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံထားရသူ ၁၂,၅၆၉ ဦး ရှိပြီး အဲဒီအထဲမှာ ၁၅၀၃ က ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရပါတယ်။