ဥက္ကံ ရေဘေး BG ကွန်ယက်က ကူညီ

ပဲခူးတိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့သစ်က ရေဘေးဒုက္ခသည်တွေအတွက် တိုက်ကြီးမြို့ BG သွေးလှုဒါန်းရေး ကွန်ယက်အဖွဲ့ နဲ့ စေတနာရှင်တွေက စားနပ်ရိက္ခာ ထောက်ပံ့ ကူညီခဲ့ကြပါတယ်။

2011.08.11
flood_dam_rain_305a_z မိုးအဆက်မပြတ် ရွာသွန်းကာ ဆည်ရေမထိန်းနိုင်တော့ပဲ ဖောက်လွှတ်ပစ်လိုက်၍ မန္တလေးတိုင်း အချို့ဒေသများတွင် ရေလျှံနေပုံ ဖြစ်ပါသည်။ (Photo: RFA Listener)
(Photo: RFA Listener)

ပြီးခဲ့တဲ့ရက်တွေ အတွင်း ပဲခူးတိုင်းမှာ မိုးသည်းထန်ခဲ့တာကြောင့် ဥက္ကံမြို့က တဘူးလှဆည်ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာတဲ့ အတွက် ဆည်မြောင်း ဦးစီးဌာနက သြဂုတ်လ ၈ ရက်နေ့ ညနေမှာ ဆည်ဖောက်ချလိုက်ကြောင်း၊ အနီးအနားက ကျေးရွာတွေ ရေလွှမ်းခဲ့ရပြီး အခက် တွေ့နေကြောင်း ကြားသိရတဲ့ အတွက် သွားရောက် ကူညီခဲ့ကြကြောင်း BG အဖွဲ့ဝင် ကိုသက်ဦးက ပြောပါတယ်။

"သူတို့က ရွာနီးစပ်ချုပ် ကျေးရွာတွေကို အသိမပေးဘဲ ရေဖွင့်ချလိုက်တော့ အဲဒီနားက ကဇွန်းခင်းရွာတို့ ၃-၄ ရွာလောက်က ရွာလုံးကျွတ် ထွက်ပြေးရတာ။ နွားတွေ ဝက်တွေကို ပစ်ထားပြီးတော့။ ဥက္ကံမြို့ အရှေ့နဲ့ အနောက် ဆက်ထားတဲ့ တံတားကြီးက တပိုင်းကျိုးသွားတယ်။ ပေ ၂ ရာလောက် ပေါ့နော်။ ကျနော်တို့ကို သတင်းလာပို့တော့ ကျနော်တို့ကလည်း ဒါတော့ အုပ်ချုပ်ရေး အာဏာပိုင်တွေ လုပ်မှာဘဲလို့ ထင်တာ၊ ညနေ ၃ နာရီလောက် အထိ အုပ်ချုပ်ရေး အာဏာပိုင်တွေ ဘယ်သူမှ လာမကြည့်ဘူး။ အဲဒါနဲ့ ကျနော်တို့ ချက်ခြင်းဘဲ တိုက်ကြီးမှာ ရှိတဲ့ လူငယ်တွေက လူ ၂၅၀ စာလောက် အတွက် ည ၇ နာရီလောက်မှာ ဘဲဥ ချဉ်ရည် ချက်ပြီး ထမင်း သွားပို့တယ်။ လူတွေက ဟိုမှာ ရေထဲမှာ အရမ်း ဒုက္ခရောက်နေကြတာ။ နောက်ရက်မှာလည်း ကျနော်တို့ သွားပို့တယ်။ ဒါပေမဲ့ ကျနောတို့ လက်လှမ်းမှီတဲ့ ဥက္ကံရွာမ၊ သပြေကုန်း၊ ထန်းပင်ကုန်း ရွာလေးတွေလောက် အထိဘဲ လုပ်ပေးနိုင်တာ်ပေါ့။"

မနေ့က ရေနည်းနည်း ပြန်ကျသွားပေမဲ့ လယ်တွေ ရေနစ်မြုပ်ကုန်တဲ့ အတွက် ရေဘေး ဒုက္ခသည်တွေ အနေနဲ့ စားရေး နေရေး အခက်အခဲ ကြုံနေရသေးကြောင်း၊ ဒုက္ခသည်တွေဟာ ရေလွတ်ရာ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေ ဓမ္မာရုံတွေမှာ ခိုလှုံနေကြရကြောင်း၊ မြစိမ်းတောင် ကျောင်းတိုက်က ဆရာတော်ကြီး ကိုယ်တိုင် အစားအစာတွေ ထောက်ပံံ့ပေးနေကြောင်းလည်း သိရပါတယ်။

"မြစိမ်းတောင် ဆရာတော်ကြီးက ကျနော်ကို လွှတ်တယ်။ ဟိုမှာ သွားကြည့်တော့ ထမင်းထုတ် ၄ ရာနဲ့ မလောက်ဘူး။ ဒါနဲ့ ကျနော် ဥက္ကံမြို့ပေါ်မှာ ရှိတဲ့ ထမင်းဆိုင်ကနေ ထမင်းထုတ် တရာ ထပ်ဝယ်ပြီးတော့ လူ ၅ ရာ အတွက် ကျနော်တို့ ကျွေးတယ်။ မနက်က တခါ ဆရာတော်ကြီးက ထပ်ကျွေးချင်တယ် ပြောလို့ အခုနကဘဲ လူ ၆ ရာစာ သွားကျွေးခဲ့ပါတယ်။ အခုလေးတင်ဘဲ ဆရာတော်ကြီးဆီက ဖုံးဝင်လာပါတယ်။ သူတောရကျောင်းက ထွက်လာပါပြီ။ ဒီညနေ လူ ၇ ရာစာ ကျွေးပါမယ်။"

ရေဘေးဒုက္ခသည်တွေ အတွက် ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဟောင်း ဦးသိန်းဌေး နဲ့ ၈၈ ကျောင်းသား လူငယ်တွေလည်း ရန်ကုန်မြို့ကနေ လာရောက် အကူအညီ ပေးခဲ့ကြောင်း သိရပါတယ်။ ဥက္ကံမြို့က လူမှု ကူညီပေးရေး အဖွဲ့တွေ မြို့ခံတွေက ကူညီပေးနေပေမဲ့ သက်ဆိုင်ရာတွေက အခုထိ ကူညီမှု မရှိသေးကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။