ပဲခူးနဲ့ တိုက်ကြီးမြို့နယ်မှာ စံချိန်တင် ရေလွှမ်းမိုး
2011.08.10

(Photo: AFP)
ပဲခူးမြို့ရဲ့ သုံးပုံနှစ်ပုံ လောက်ဟာ ၃-၄ ပေ လောက် အထိ ရေနစ်မြုပ်နေပြီး အိမ်ခြေ အတော်များများ ပျက်စီးခဲ့တယ်လို့ပဲခူးမြို့ခံတွေက ပြောကြပါတယ်။
နှစ်စဉ် နှစ်တိုင်း ရေကြီးလေ့ ရှိပေမယ့် ဒီတခါ ရေကြီးတာကတော့ အနှစ် ၂၀ အတွင်း အဆိုးဝါးဆုံး ဖြစ်ကြောင်း၊ မော်တော်ယာဉ် အသွားအလာ ရပ်စဲနေပြီး လှေတွေနဲ့ပဲ သွားလာနေရတယ်လို့လည်း ဆိုပါတယ်။
ပဲခူးမြစ်ရေဟာ မနေ့က သြဂုတ်လ ၁၀ ရက်နေ့ ည ၉ နာရီ ခွဲ အချိန်မှာ မြစ်ရေ အမှတ် ၉၆၀ စင်တီမီတာကို ရောက်ရှိခဲ့ကြောင်း၊ ပဲခူးမြို့ ခေါင်းဆေးကျွန်းမှာ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီးဟာ အလျား နှစ်မိုင်ခန့် အထိ ရေကျော်နေပြီး တချို့ နေရာမှာ
ရေအနက် သုံးပေကျော် အထိ ရှိကြောင်း ၊ ရွှေသာလျောင်း လမ်းမ အချို့နေရာတွေမှာ ရေအနက် ငါးပေ နီးပါးခန့် အထိ ကျော်နေကြောင်း၊ ပဲခူး ဘူတာရုံမှာလည်း ရေလွမ်းနေကြောင်း အလဲဗင်း ဂျာနယ် အင်တာနက် စာမျက်နှာက ဖေါ်ပြပါတယ်။
တိုက်ကြီးမြို့မှာတော့ ဆည်ရေတွေကို မထိမ်းနိုင်တော့တဲ့ အတွက် တဘူးလှဆည်ကို ဖောက်ချခဲ့ရာမှာ ညတွင်းချင်း ရေတွေ တက်လာပြီး အမျိုးသား တဦး ရေနစ် သေဆုံးသွားတယ်လို့ ရပ်ကွက် အာဏာပိုင်တွေက ပြောပါတယ်။ လူနေ အိမ်ခြေ ၂၀၀ ကျော် ပျက်စီးပြီး
မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ဒုက္ခသည်တွေ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။