ပုလဲမြို့ပေါ်တိုက်ပွဲကနေ ကာကွယ်ရေးပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာ

RFA Burmese
2024.11.15
ပုလဲမြို့ပေါ်တိုက်ပွဲကနေ ကာကွယ်ရေးပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပုလဲဒေသခံများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဥ်။
Facebook/ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

တိုက်ပွဲပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး အင်အားဖြည့်တင်းလာတာကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့ ညပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ် တွေ ပုလဲမြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ပုလဲမြို့ပေါ်မှာ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အပါအဝင် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး Mi 17 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ စစ်ကူတွေ ပို့လာတာကြောင့် မြို့ပေါ်ကနေ ညပိုင်းမှာဆုတ်ခွာခဲ့တာလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"အခုလောလောဆယ် အတိုင်းအတာထိကတော့ ဆုတ်ထားပါတယ်။ နမခကနေလာတဲ့ Mi 17 လေးခေါက်က စကစအင်အား ၁၀၈ ယောက်လောက်ထပ်ဖြည့်တယ်။ ကျွန်တော်တို့ မထင်ထားတဲ့ဘက်က ဝင်လာတာ။ မနေ့ကဆို ဂျက်ဖိုက်တာနဲ့ လေးကြိမ်လောက် ဆိုးဆိုးရွားရွား တိုက်ခိုက်တယ်။ Mi 35 နဲ့လည်း တစ်စင်းပြီး တစ်စင်း လာရောက်ပစ်ခတ်တာက အကြိမ်ရေ တော်တော်များတယ် ခင်ဗျ။ ညနေ မှောင်လောက်မဲ့အချိန်မှ Mi 35 ပစ်ခတ်မှုက နားသွားတယ်ခင်ဗျ"

နိုဝင်ဘာလ ၁၅ ရက် ဒီနေ့မှာတော့ စစ်ကောင်စီတပ်က ပုလဲမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲစခန်းနဲ့ အလယ်ဘုံရွာတို့မှာ နေရာယူထားတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအချို့ သေဆုံးခဲ့ပြီး အဲဒီအထဲမှာ အသက် ၆၀ အရွယ် လျှပ်စစ်ဝန်ထမ်း ဦးကျော်ဆန်း၊ အသက် ၁၃ နှစ်အရွယ် မောင်အောင်မျိုးသန့်နဲ့ အသက် ၃၅ နှစ်အရွယ် ကိုဝင်းကိုတို့ သုံးဦးရဲ့အမည်ကိုသာ သိရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့ပေါ်က လေးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့အကြိမ် နှစ်ဆယ်ထက်မနည်း ဗုံးကြဲပစ်ခတ်ခဲ့ပြီး နေအိမ် ငါးဆယ်ခန့် မီးလောင်ပျက်စီးခဲ့သလို ရွာပေါင်း ဆယ်ရွာကျော်က ဒေသခံ တစ်သောင်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ပုလဲမြို့နယ် အိုင်းမရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။