ပုလဲ၊ ကန့်ဘလူနဲ့ ခင်ဦးမှာ စစ်ကောင်စီတပ်ကြောင့် အရပ်သားခြောက်ဦး သေဆုံး
2024.02.02

စစ်ကိုင်းတိုင်း ပုလဲ၊ ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုး ရှင်းလင်းမှုတွေကြောင့် ဇန်နဝါရီ ၃၁ နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွေအတွင်း အရပ်သားခြောက်ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရပြီး နောက်ထပ် ၁၅ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပုလဲမြို့နယ် ကံကြီးရွာကို စစ်ကောင်စီက ဇန်နဝါရီ ၃၁ ရက်နဲ့ ဖေဖော်ဝါရီ ၁ ရက် နှစ်ရက်ဆက်တိုက် ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး၊ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောပါတယ်။
“ကံကြီးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းနဲ့ပစ်တယ်။ အမျိုးသမီးတစ်ဦးက နေအိမ်မှာပဲ ပွဲချင်းပြီး ဆုံးတယ်။ နောက်ထပ် အမျိုးသမီးတစ်ဦးက ဆေးရုံမှာဆုံးတာ။ ကျန်တဲ့ ငါးဦးကလည်း ပြင်းထန် ဒဏ်ရာတွေ ရထားတယ်။ တစ်ယောက်ဆို လက်တောင်ဖြတ်လိုက်ရတယ်”
ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပုလဲမြို့နယ် ဇီးဖြူကုန်းရွာမှာရှိတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ် ပူးပေါင်းစခန်းကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဇီးဖြူကုန်းသာမက ကံကြီးရွာကိုပါ လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ သူက ဆိုပါတယ်။
ကန့်ဘလူမြို့နယ်က သင်တော၊ ဇော်ချောင်းနဲ့ မကျီးကုန်းရွာတွေကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ရှစ်ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး၊ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးကတော့ စစ်ကောင်စီက NUG နဲ့ PDF တွေ သိမ်းထားတဲ့ ကောလင်းမြို့ကို ပြန်သိမ်းချင်တာကြောင့် ကောလင်းနဲ့ ကန့်ဘလူမြို့နယ် အစပ်က ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ရှင်းလင်းနေတာလို့ RFA ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောပါတယ်။
“စစ်ကောင်စီက ကောလင်းကို ပြန်ရချင်တော့ သူတို့လျှောက်မယ့် လမ်းကြောင်းတစ်လျှောက်ကို နယ်မြေ ရှင်းလင်းရေး လုပ်တဲ့သဘောပါ။ တိုက်ပွဲမဖြစ်ဘူး၊ ကျည်တစ်ချက်မဖောက်တဲ့ နေရာတွေကိုလည်း သူတို့က လေကြောင်းကနေ တောက်လျှောက်ပစ်နေတာ”
အဲဒီတိုက်ခိုက်မှုကြောင့် မကျီးကုန်းရွာက အမျိုးသမီးတစ်ဦး၊ ဇော်ချောင်းရွာက အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး သုံးဦး စုစုပေါင်း ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ဇော်ချောင်းရွာက အမျိုးသားတစ်ဦး ဆေးကုသမှုခံယူနေချိန် သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ သူက ပြောပါတယ်။ ကျန် ငါးဦးက ပြင်းထန်ဒဏ်ရာတွေ ရထားပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါတယ်။
ခင်ဦးမြို့နယ်က သရက်ကုန်းနဲ့ ကင်းပြစ်ရွာတွေကိုလည်း စစ်ကောင်စီတပ်က ဇန်နဝါရီ ၃၁ ရက် နေ့ကစလို့ ဝင်ရောက်စီးနင်းနေပြီး ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ အသတ်ခံထားရတဲ့ အရပ်သား သုံးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အသတ်ခံရသူတွေဟာ သရက်ကုန်းရွာက အသက် ၃၁ နှစ်အရွယ် ကိုရဲအောင်၊ အသက် ၅၁ နှစ်အရွယ် ဦးသန်းထွန်းနဲ့ ကင်းပြစ်ရွာသား အသက် ၄၂ နှစ်အရွယ် ဦးသန်းလွင်ကြီးတို့ ဖြစ်ပါတယ်။ နောက်ထပ် လူ ၁၅ ဦးလည်း ပျောက်ဆုံးနေပြီး ဖမ်းဆီးခံထားရတာ ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူတွေကိုတော့ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ကလုံကျေးရွာအနီးမှာ သတ်ဖြတ်ခဲ့တာလို့ အလင်းရောင် ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအလင်းရောင် က RFA ကို ကြာသပတေး နေ့က ပြောပါတယ်။
"စစ်ကြောင်းက သရက်ကုန်းရွာကို ညပိုင်းဝင်တော့ အိမ်မှာအိပ်ပျော်နေတဲ့ ကိုရဲအောင်ကို ဖမ်းခေါ်သွားတာ။ ဟိုလူကြီး နှစ်ယောက်ကျတော့ တောထဲမှာ တိမ်းရှောင်ရင်းနဲ့ ဖမ်းမိသွားတာ။ အခုက အဖမ်းခံထားရတဲ့ ပြည်သူက ခန့်မှန်းလို့ မရသေးဘူး ဖြစ်နေတယ်။ ပျောက်နေတဲ့ ပြည်သူက တော်တော်များနေတယ်။ တခြားရွာတွေမှာ ရှိနေသလားဆိုတာ လိုက်စုံစမ်းနေတုန်း ရှိသေးတယ်။ ခန့်မှန်းခြေ ၁၅ ယောက်လောက် ရှိမယ်။ ဒါပေမဲ့ အဲဒီထက်လည်း ပိုများနိုင်တယ်"
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာ စသိမ်းတဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နေ့အထိ သေဆုံးသူ စုစုပေါင်း ၄၄၇၄ ဦး ရှိပါတယ်။