ဒေါင်းမျိုးဆက်တော်လှန်သံချပ် စစ်ကိုင်းတိုင်းမှာ ပြုလုပ်နေ
2023.04.10

တော်လှန်ရေးအောင်မြင်ဖို့ ရည်ရွယ်တဲ့ ၂၀၂၃ ခုနှစ်၊ ဒေါင်းမျိုးဆက်တော်လှန်သံချပ် (မုံရွာ) ကို စစ်ကိုင်းတိုင်းမှာ ပြုလုပ်နေတယ်လို့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌလည်းဖြစ် မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ ကိုရှင်းသန့်က RFA ကို ပြောပါတယ်။
အဲဒီသံချပ်ဗွီဒီယိုကို လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ မကြာခင် ဖြန့်ဝေပေးသွားမယ်လို့ ဆိုပါတယ်။
ဒေါင်းမျိုးဆက်တော်လှန်သံချပ် (မုံရွာ) ကို မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မုံရွာနည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကနေ ဖွဲ့စည်းထားတဲ့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တကသကွန်ရက် (မုံရွာ) တို့ ပါဝင်ဖွဲ့စည်းထားတာပါ။
ဒီနှစ်လုပ်မယ့် သံချပ်ထဲမှာ စစ်ကောင်စီရဲ့သင်္ကြန်မှာ မပါဝင်ဖို့၊ တပ်နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေ မသုံးဖို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ပြည်သူ့အိုးအိမ်တွေကို ဖျက်ဆီးတဲ့အကြောင်း၊ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် မီးရှို့သတ်ဖြတ်တဲ့အကြောင်းတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ အပြောချည်းသက်သက်မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့၊ စစ်ကောင်စီအတွက် ဝင်ငွေထောက်ပံ့ပေးနေတဲ့ PTT ကုမ္ပဏီကို နိုင်ငံတကာက ဆန့်ကျင်ကန့်ကွက်ပေးဖို့ပါ သံချပ်ထဲမှာ ထည့်သွင်း တောင်းဆိုထားတယ်လို့ ကိုရှင်းသန့်က ပြောပါတယ်။
NUG အနေနဲ့လည်း ပြည်သူတွေအတွက် အမှန်တကယ် အလုပ်လုပ်ပေးဖို့အပြင် တော်လှန်ရေးပြီးသွားရင် အိမ်ပြန်လာမယ့်အကြောင်း၊ တစ်နိုင်ငံလုံးမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေကို အမြဲတမ်း သတိရနေတဲ့ အကြောင်းတွေပါ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ဒေါင်းမျိုးဆက်တော်လှန်သံချပ်အဖွဲ့ဟာ စစ်အာဏာမသိမ်းခင်က နှစ်စဉ် သင်္ကြန်ကာလတိုင်း အလှပြယာဉ်တွေနဲ့ မြို့နယ်အလိုက် သံချပ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ် သင်္ကြန်ကာလမှာတော့ တော်လှန်သင်္ကြန်အဖြစ် အသွင်ပြောင်းပြီး သံချပ်ထိုးခဲ့တာပါ။
သံချပ်နဲ့ ပြည်သူလူထုကိုဖျော်ဖြေဖို့နဲ့ အသိပညာတွေပေးဖို့အပြင် စစ်အာဏာရှင် ကျဆုံးသွားသည်အထိ ပြည်သူနဲ့ ပူးပေါင်း တိုက်ပွဲဝင်သွားမယ်လို့လည်း ဒေါင်းမျိုးဆက်တော်လှန်သံချပ်အဖွဲ့ဝင်တွေက ပြောပါတယ်။