သံချပ်ထိုးသူ ငါးဦး ထောင်တစ်နှစ်စီကျ၊ စီရင်ချက်ကို AI အဖွဲ့ ကန့်ကွက်
2019.10.30

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသားနဲ့ မကေခိုင်ထွန်း တို့ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ သံချပ်စာသားတွေနဲ့ သြင်္ကန်ကာလ ဖျော်ဖြေခဲ့ကြတာ ဖြစ်တဲ့အတွက် တပ်မတော်က တရားစွဲဆိုထားတာပါ။
အမှုကနေကွင်းလုံးကျွတ်လွတ်မယ် ထင်ထားတာလို့ သံချပ်အဖွဲ့ဝင်တွေရဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။
"အဲလိုနစ်နာနေတဲ့ အပေါ်မှာတော့ အခု ဆရာမတို့ကတော့ အခုချလိုက်တဲ့ အမိန့်နဲ့ ပတ်သက်ပြီးတော့ ကော နောက်စွဲဆိုမယ့် အမှုနဲ့ပတ်သက်ပြီးတော့ကော ဆရာမတို့လွှတ်တော် သို့မဟုတ် အာဏာပိုင် အဖွဲ့အစည်းပေါ့နော် တစ်ခုခုကိုတော့ ဆရာမတို့ တင်ပြဖို့တော့ အစီအစဉ်ရှိပါတယ်"
ကျောင်းသားတွေအနေနဲ့ လွတ်မြောက်လိုဆန္ဒထက် ပြစ်မှုကျူးလွန်းတာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်ဖို့ အတွက် အယူခံတက်သင့်ကြောင်း တိုက်တွန်းပေမယ့် သံချပ်အဖွဲ့ဝင်တွေကတော့ အယူခံမတက်ဘူးလို့ ပြောပါတယ်။
သံချပ်စာသားတွေအရ လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားဖို့၊ တပ်မတော်ကို ICC အမြန်ဆုံး တင်ဖို့နဲ့ မြန်မာ့နိုင်ငံရေးကနေ တပ်မတော် အပြီးအပိုင်ထွက်သွားဖို့ စတဲ့စာသားတွေ ပါတဲ့ သံချပ်စာသားတွေကို ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ အနေနဲ့ ဧပြီလ ၁၀ ရက်နေ့က မရမ်းကုန်းမြို့နယ်မှာ ဖျော်ဖြေခဲ့တဲ့ သရုပ် ဖော်မှုတွေ သံချပ်စာသားတွေကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားစွဲတာ ဖြစ်ပါတယ်။
တရားမျှတမှုကို လိုချင်တဲ့အတွက် တရားစွဲဆိုတာဖြစ်ပြီး ဥပဒေရဲ့အဆုံးအဖြတ်အတိုင်း ဖြစ်တယ်လို့ တရားလိုဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်းမြင့်က ဒီနေ့ တရားရုံးအပြီး သတင်းမီဒီယာတွေကို ပြောပါတယ်။
"ကျွန်တော်တို့က ဒီဟာနဲ့ပတ်သက်ပြီး ပြောချင်တာက အခွင့်အရေးဆိုတာနဲ့ ပတ်သက်လို့ရှိရင် တစ်ဦးတစ်ယောက်တည်းရဲ့ အခွင့်အရေးကိုပဲ ကြည့်လို့မရဘူး သူတို့စွပ်စွဲခံရတဲ့သူတွေရဲ့ အခွင့်အရေး တင်မကဘူး တရားလိုတွေအနေနဲ့ တပ်မတော်သားတွေရဲ့ အခွင့်အရေးကိုလည်း ပြန်ပြီးတော့ စာနာဖို့ လိုတယ်။ အခုတပ်မတော်သားတွေက ခင်ဗျားတို့သိတဲ့အတိုင်းဘဲ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေတာ ဒီလိုတိုက်ပွဲဝင်နေတဲ့သူတွေကို သွားပြီးတော့ ပုတ်ခတ်တာ စော်ကားတာ လုပ်လို့မရပါဘူး။ တစ်ဘက်ကလည်း တိုင်းပြည်နဲ့ တာဝန်ထမ်းဆောင်တာဖြစ်ပါတယ် အဲတော့ ငါတို့ရဲ့လူ့အခွင့်အရေးပဲ ဆိုပြီးတော့ ပြောချင်ရာပြောမယ် ပုတ်ခတ်ချင်ရာ ပုတ်ခတ်မယ် ဆိုပြီးလုပ်လို့တော့ မရဘူး။ ဒါကြောင့် ကျွန်တော်တို့က တရားမျှတမှုကို လိုလားတဲ့အတွက်ကြောင့်မို့လို့ တရားရုံးမှာ ဦးတိုက်လျှောက်ခြင်း ဖြစ်ပါတယ်။ ဒါဥပဒေရဲ့ အဆုံးအဖြတ်ကိုပဲ ကျွန်တော်တို့ ခံယူသွားတာ ဖြစ်ပါတယ်"
ဒီနေ့ တရားရုံးထုတ်ကို လုံခြုံရေးရဲတပ်ဖွဲ့ဝင် အင်အား အမြောက်အမြား ချထားတာကိုလည်း တွေ့ရပါ တယ်။ ဒါ့အပြင် သံရုံးအသီးသီးက တာဝန်ရှိသူတွေလည်း လာရောက်ခဲ့ကြပါတယ်။
ဒီအမှုကို စောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေထဲမှာ လန်ဒန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့လည်း ပါဝင်ပါတယ်။
သံချပ်စာသားတစ်ခုအတွက် အခုလို ထောင်ဒဏ်ချမှတ်တဲ့အပေါ် အင်မတန် စိတ်ပျက်မိကြောင်းနဲ့၊ ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ ဆိုးဝါးနေတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ ဒီအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က ဒီနေ့ ပြောခဲ့ တာလည်း ရှိနေပါတယ်။
"နောက်တစ်ချက်က လူ့အခွင့်အရေးကိစ္စပေါ့ဗျာ သူတို့ချေပတာက လူသားတိုင်းဟာ မိမိတို့ရဲ့ ယုံကြည်ချက် ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ် သူတို့ညွှန်းတဲ့ဥစ္စာက ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း Article 19 ပေါ့။ အပိုဒ် ၁၉ ကိုရည်ညွှန်းတာ။ အဲဒီအချက်အရ လူသားတိုင်းဟာ မိမိတို့ရဲ့ယုံကြည်ချက်တွေကို ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ပြောဆိုခွင့် ရှိတယ် ဒါ့ကြောင့်မို့လို့ ပြောတယ်ဆိုပြီးတော့ တရားခွင့်မှာ ချေပတယ် သို့သော်လည်းပဲ အဲဒီကမ္ဘာ့လူ့ အခွင့်အရေးကြေညာ စာတမ်းအပိုဒ် ၂၉ Article 29 ရဲ့ အပိုဒ်ခွဲ ၂ မှာ ဘယ်လိုပြဌာန်းထားသလဲ ဆိုလို့ရှိရင် မိမိတို့၏ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးများကို ကျင့်သုံးတဲ့အခါမှာ အခြားသူများ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို အထူးဂရုပြုရမည် ဥပဒေအရ ကန့်သတ်ထားတဲ့ သတ်မှတ်ချက်များအတိုင်းသာ လိုက်နာကျင့်သုံးရမည်ဆိုပြီးတော့ ပြဌာန်းထားပါတယ်"
တပ်မတော်ရဲ့ စွပ်စွဲချက်တွေအတိုင်း သံချပ်စာသားတွေကို ထိုးခဲ့တာ မဟုတ်ဘဲ ဖွဲ့စည်းပြင်ဆင်ရေးနဲ့ နိုင်ငံရေး အခန်းကဏ္ဍကနေ ထွက်သွားဖို့ ဖြစ်ကြောင်း ကိုဇေယျာလွင်က ပြောပါတယ်။
"တကယ်တမ်းကျတော့ ကျွန်တော်တို့ဟာ တပ်ကို ပုတ်ခတ်စော်ကားလိုခြင်း မဟုတ်ဘူး။ ကျွန်တော်တို့ ဖွဲ့စည်းပုံ ပြင်ချင်တယ်။ နိုင်ငံရေးအခန်းကဏ္ဍကနေ တပ်ကိုထွက်သွားစေချင်တယ်။ အဲဒီအတွက် ကျွန်တော်တို့ တပ်ကို ကျင့်ဝတ်ရှိတဲ့တပ်ဖြစ်အောင် ကျွန်တော်တို့ သံချပ်စာသားတွေ ထိုးခဲ့ခြင်း ဖြစ်တယ်"
သံချပ်အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း ကလည်း တပ်မတော်အနေနဲ့ နိုင်ငံရေးက အမြန်ဆုံးထွက်ခွာဖို့ ပြည်သူ တွေအနေနဲ့ ဖိအားပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။
"ကျွန်တော်တို့ ပြည်သူတွေဟာ လက်ရှိရလာတဲ့ အခြေအနေအခွင့်အရေးလေး နည်းနည်းလေးလောက်ကို ရောင့်ရဲတင်းတိမ်နေပြီးတော့ စစ်တပ်ဟာ သဘောထားပြောင်းသွားပြီဆိုပြီးတော့ မြေခွေးနောက် ကျွန်တော်တို့ ဆက်မလိုက်ကြပါနဲ့ ဒီနေ့လိုမျိုး တစ်ပတ်တစ်ပတ် ပြန်လည်လာတိုင်း ကျွန်တော်တို့လိုမျိုး မတရား စွပ်စွဲခံရမှုတွေ ထပ်ကြုံလာအုံးမှာပါ ဆိုတော့ စစ်တပ်ကို အဆုံးအထိ ဖိအားပေးဖို့ လိုပါတယ်"
တရားရုံးအမိန့်ချမှတ်တဲ့အပေါ် နောက်ကွယ်ကနေ ဖိအားတွေရှိနေတယ်လို့ မဆုရတနာမြင့်က ယူဆပါတယ်။
"တရားသူကြီးဆိုတာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေပေါ်မှာ သစ္စာရှိဖို့ လိုအပ်ပါတယ်။ ကျမတို့ ဒီနေ့ ချလိုက်တဲ့ ပြစ်မှုမမြှောက်တဲ့ အမှုကို ပြစ်ဒဏ် အမိန့်ချလိုက်တယ်ဆိုတာ တရားသူကြီးရဲ့ အပေါ်မှာ ဘယ်လိုဖိအားတွေ ရှိနေတယ်ဆိုတာ အားလုံးမျက်မြင်သက်သေဖြစ်ပါတယ်။ ပါးစပ်နဲ့သံချပ်ထိုးတဲ့ လူငယ်တွေကို လက်နက်ကိုင်ထားတဲ့ လူကြီးတွေက ဖိန့်ဖိန့်တုန်အောင် ကြောက်တယ်ဆိုတာ ဒီနေ့ဟာ မျက်မြင်သက်သေပါပဲ"
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကလည်း ဒီနေ့ တရားရုံးရဲ့အမိန့်ချ မှတ်လိုက်တာကို အခုလိုပြောပါတယ်။
"ငြိမ်းချမ်းရေး အနေအထားတွေကို ကျောင်းသားတွေက သံချပ်နဲ့ပုံဖော်တယ် ဒီအပေါ်မှာ သံချပ်ရဲ့ အနုပညာကို ပျက်စီးအောင်လုပ်လိုက်တဲ့ ဥပဒေမဲ့ လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်ဟာ ကျမတို့နိုင်ငံ အတွက် အရမ်းအကျည်းတန် ရုပ်ဆိုးပါတယ်။ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးလို့ ဖော်ဆောင်နေတဲ့ စကား လုံးတွေဟာ ဒီနေ့မှာဆို အဓိပ္ပါယ်မဲ့သလို ဖြစ်သွားပါတယ်"
နောက်နှစ်ပတ်နေရင်တော့ ဒီမိုကရေစီရေး ပုံဖော်နေသူတွေကို ပြစ်ဒဏ်ချမှတ်ခံနေရတာတွေနဲ့ ပတ် သက်ပြီး အစိုးရထံ စာပို့သွားမယ်လို့ ဗကသ အဖွဲ့ဝင်ဟောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။
"ဗိုလ်တထောင်တရားရုံးမှာ အမိန့်ချပြီးရင်တော့ ကျွန်တော်တို့ အစိုးရဆီ စာပို့သွားမှာ။ ဘာလို့လဲ ဆိုတော့ ဒါဒီမိုကရေစီ အစိုးရလို့ပြောတယ်။ ဒီမိုကရက်တစ် အခြေခံစံနှုန်းတွေကို အသုံးချပြီးတော့ တရားစွဲခံရတာ ထောင်ချတာမျိုးတွေ မဖြစ်သင့်ဘူးဆိုတာ စာပို့မယ်။ ကျွန်တော်တို့ စစ်တပ်ကိုတော့ ဘာမှပြောစရာ မရှိဘူး။ နဂိုတည်းက ဆုံးမလို့မရတဲ့ လူမျိုးဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့ သူတို့ကိုလည်း မေတ္တာရပ်ခံတာတွေ ကန့်ကွက်တာတွေ စာပို့တာတွေ လုပ်မှာမဟုတ်ဘူး။ ဘာမှနားမလည်တဲ့လူအတွက် ဘာမှ နားမလည်တဲ့လူအတွက် ကျွန်တော်တို့ ဘာမှပြောစရာမရှိဘူး"
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေရဲ့ ရုံးချိန်းကို လာရောက်ခဲ့ကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အမြောက်အမြားလာရောက်ခဲ့ကြပြီး တပ်မတော်ရဲ့ တရားစွဲမှုတွေကို ရုပ်သိမ်းပေးရေး စာသားပါတဲ့ အပြာရောင် အင်္ကျီလှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
သူတို့တွေဟာ မရမ်းကုန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ် နဲ့ ဧရာဝတီတိုင်း ပုသိမ်နဲ့ ဖျာပုံမြို့နယ်တွေမှာ သံချပ်ထိုးခဲ့ကြတာဖြစ်ပြီး အဲဒီမြို့နယ်တွေက တရားရုံးတွေမှာလည်း အလားတူ အမှုအတွက် တရားရင်ဆိုင်နေကြရတာဖြစ်ပါတယ်။