ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် တစ်ဦး လွတ်ရက်စေ့လို့ ပြန်လွတ်လာ


2020.08.19
suyadanarmyint-622 ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မဆုရတနာမြင့် ၂၀၂၀၊ သြဂုတ် ၁၉ ရက်နေ့က အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာစဉ်
ဓာတ်ပုံ - ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့

ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်ဟာ လွတ်ရက်စေ့လို့ အင်းစိန်ထောင်ကနေ ဒီကနေ့ သြဂုတ် ၁၉ ရက်နေ့မနက်မှာ ပြန်လွတ်လာပါတယ်။

တပ်မတော်က မဆုရတနာမြင့်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့ တရားစွဲခဲ့ရာမှာ ထောင်ဒဏ် နှစ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ နိုင်ငံတော် သမ္မတက လေးပုံတစ်ပုံ လျှော့ရက်ပေးခဲ့သလို ထောင်က ပေးတဲ့ လျှော့ရက်တွေကြောင့် ထောင်ထဲမှာ တစ်နှစ်နဲ့ လေးလ နေခဲ့ရတယ်လို့ မဆုရတနာမြင့်က RFA ကို ပြောပါတယ်။

ထောင်ထဲမှာ ကျန်ရှိနေတဲ့ မကေခိုင်ထွန်း၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့လည်း အမြန်ဆုံးလွတ်မြောက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စဉ်းစားပေးမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ဦးဆောင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ ၂၀၁၈ ခုနှစ် သင်္ကြန်ကာလမှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ သံချပ်ထိုး လှည့်လည်ဖျော်ဖြေခဲ့ပါတယ်။ သံချပ်ပါ အကြောင်းအရာတချို့နဲ့ ပတ်သက်ပြီး တပ်က အမှုဖွင့်ခဲ့တာပါ။

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တရားရုံးတွေက ချမှတ်ထားတဲ့ စီရင်ချက်တွေအရ ကိုပိုင်ဖြိုးမင်းက ထောင်ဒဏ် ခြောက်နှစ်၊ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့က ထောင်ဒဏ် ငါးနှစ်ခွဲစီ၊ မကေခိုင်ထွန်းက ထောင်ဒဏ် နှစ်နှစ်ခွဲ၊ ကိုဖိုးသားနဲ့ မဆုရတနာမြင့်တို့က နှစ်နှစ်စီ အသီးသီး ချမှတ်ခံထားရပါတယ်။

မကေခိုင်ထွန်းကတော့ နောက်လဆိုရင် လွတ်ရက်စေ့မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။