ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ ဒိုက်ဦးမြို့မှာ ကျောက်တိုင်ပန္နက်ရိုက်
2013.01.25

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့အထိ လမ်းလျှောက်ချီတက်ကြတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေနဲ့ ဒိုက်ဦးမြို့က ဒေသခံစုစုပေါင်း ၈၀ ခန့်ဟာ ငြိမ်းချမ်းရေးအတွက် ရည်မှန်းချက်ထားတဲ့ ကျောက်တိုင် စိုက်ထူခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ဦးအောင်မြင့် က RFA ကို ပြောပါတယ်။
ဒီခရီးစဉ်တလျှောက်မှာ ပဲခူးတိုင်းဒေသကြီး အဝင်မှာတော့ အာဏာပိုင်တွေက တားဆီးခဲ့ကြပြီး ငြိမ်းချမ်းရေး အလံကိုင်ဆောင်ထားတာကို ရုပ်သိမ်းပေးမှ ရှေ့ဆက် သွားခွင့်ပြုခဲ့တာတွေရှိခဲ့သလို၊ တည်းခိုဖို့ ပြင်ဆင်ကြတဲ့နေရာတွေကို တည်းခိုခွင့်မရအောင် ဒေသခံ အာဏာပိုင်တွေဖက်က ဖိအားပေးတာမျိုးတွေရှိတယ်လို့ သိရပါတယ်။
မိုင်ပေါင်း ၈၀၀ ကျော် လမ်းလျှောက်ပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ စတင်ထွက်ခွာခဲ့ကြရာမှာ ဒီကနေ့ညမှာ ရန်ကုန်မြို့နဲ့ ၁၀၅ မိုင်ဝေးတဲ့ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာ ဘုန်းကြီးကျောင်းကို ရောက်အောင်သွားမယ်လို့ သိရပါတယ်။