ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ဖို့ ကချင်ဒေသခံတွေ တိုက်တွန်း
2013.02.28

ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ လက်ရှိအစိုးရနဲ့ ကေအိုင်အိုအဖွဲ့ တွေ့ဆုံမှု ကို ဒေသခံ ပြည်သူတွေက ကြိုဆိုနေကြောင်းနဲ့ အမြန်ဆုံး ထာဝရ ငြိမ်းချမ်းရေး ရရှိလာဖို့ မျှော်လင့်နေကြောင်းကို စစ်ဘေးဒဏ်ကို ပြင်းပြင်း ထန်ထန် ခံစားခဲ့ရတဲ့ ကချင် ဒေသခံတွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် စိန့်ပက်ထရစ် ဘုရား ရှိခိုးကျောင်းမှာကျင်းပတဲ့ စစ်မှန်ပြီး တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖယ်ဒရယ် စနစ်နဲ့သာ တည်ဆောက်နိုင်မည် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ အခုလို ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့် ဖယ်ဒရယ် အုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော်လာဖို့ ငြိမ်းချမ်းရေးကို မျှော်လင့်တယ်လို့ ကက်သလစ် ဘုန်းတော်ကြီး ဖာသာရ်နော်ဒင်းက အခုလို ပြောပါတယ်။
"အခုပေါ်လာတဲ့ အခွင့်အရေးတွေကတော့ နိုင်ငံတော်အစိုးရ သမ္မတကြီးပြောတဲ့အတိုင်းပဲ ကိုယ်ပိုင်ပြဌာန်းခွင့် ဖယ်ဒရယ်စနစ်ကို ကျွန်တော်တို့ မျှော်လင့်တောင့်တတယ်၊ နယ်မြေဒေသအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံကို ရရှိမယ်လို့ မျှော်လင့်တောင့်တပါတယ်"
ဒီဆွေးနွေးပွဲကို အနီးအနား ကျေးရွာတွေက ဒေသခံ ပြည်သူ ၁၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။