အမိမြေ ငြိမ်းချမ်းရေးအဖွဲ့ကို ကြိုဆိုကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ပြောဆို

မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေကြတဲ့ ဦးမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော် ဦးဆောင်တဲ့ အမိမြေငြိမ်းချမ်းရေးအဖွဲ့ကို နိုင်ငံရေး မျိုးဆက်သစ်တွေအဖြစ် ကြိုဆိုကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

2012.09.15

သူရဲ့ပါတီရုံးခန်းကို ဦးမိုးသီးဇွန်တို့အဖွဲ့ လာရောက်တွေ့ဆုံရာမှာ ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေ ပြန်လာပြီး ပါတီထောင် ရွေးကောက်ပွဲဝင်နိုင်ဖို့ လွှတ်တော်ထဲမှာ တင်ပြ ဆွေးနွေးမယ်လို့ ပြောဆိုခဲ့ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။

"သူတို့က နိုင်ငံတကာ အတွေ့အကြုံရှိတော့ အမေရိကန်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခြေအနေတွေ ဒါသူတို့ပြောတာပေါ့။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ဒီမှာ လုပ်ရတဲ့ လွှတ်တော် ကိုယ်စားလှယ် အခြေအနေတွေကို သူတို့ကိုပြောတာပေါ့။ ဒီထက်ကို အရေးကြီးဆုံးကတော့ ကျွန်တော်က သူတို့ကို သင်္ဃန်းကျွန်းက မွေးဖွားတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့အတွက် ကျွန်တော်သူတို့ကို လေးလေးစားစား ကြိုဆိုတယ်။ လေးလေးစားစား သူတို့သိချင်တာ ရှင်းပြတယ်။ ချုပ်လိုက်ရှိရင်တော့ နိုင်ငံရေး မျိုးဆက်တစ်ခုအဖြစ် နိုင်ငံတကာမှာ အတွေ့အကြုံရှိတဲ့ သူတို့တွေ ပြည်တွင်းမှာ ပြန်လုပ်မယ်ဆိုတာကို ကျွန်တော်ကြိုဆိုတယ်။ အားပေးတယ်ဆိုတဲ့ အကြာင်းပါပဲ။ အရင်ကတော့ ကျွန်တော် အထွေထွေ လွှတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ တင်ခဲ့သလိုပေါ့၊ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ နိုင်ငံရေး ပြန်လုပ်နိုင်ဖို့၊ လိုအပ်ရင် သင်ပုန်းချေ လွှတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ဖို့ လွှတ်တော်မှာ တင်ဖို့အထိ ကျွန်တော် စဉ်းစားထားပါတယ်။ သူတို့ကိုလည်း ပြောပြပါတယ်"

ဦးမိုးသီးဇွန်တို့ဘက်ကလည်း ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ ပြေလည်ရေးနဲ့ နိုင်ငံသားစီစစ်ရေး ကတ်ပြားတွေမှာ ကိုးကွယ်တဲ့ဘာသာ ထည့်သွင်း တာမျိုးတွေ ဖြုတ်ပစ်ဖို့ လွှတ်တော်မှာ တင်ပြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဦးမိုးသီးဇွန်တို့ အမိမြေ ငြိမ်းချမ်းရေးအဖွဲ့ဟာ သတင်းလေးပတ်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။