အမိမြေ ငြိမ်းချမ်းရေးအဖွဲ့ လက်ပံတောင်းတောင် ဒေသခံများနှင့်တွေ့ဆုံ
2012.09.19

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် အခက်အခဲဖြစ်နေတဲ့ လယ်သမားတွေရဲ့ ဆုံးရှုံးနစ်နာမှုကို နိုင်ငံတော်အနေနဲ့ ဖြေရှင်း ဆောက်ရွက်ပေးသင့်တယ်လို့ ရွာသားတွေနဲ့ တွေ့ဆုံပွဲအပြီးမှာ ကိုမိုးသီးဇွန်က RFA ကို အခုလို ပြောပါတယ်။
"လက်ပံတောင်းတောင် တဝိုက်မှာရှိတဲ့ လယ်တွေ ဆုံးရှုံးသွားတဲ့ ရွာတွေ ၅ ရွာလောက်က လူထုတွေနဲ့ ကျွန်တော်နဲ့ တွေ့ဆုံ ဖြစ်ပါတယ်။ သူတို့လယ်တွေ ဆုံးရှုံးသွားတဲ့အကြောင်း၊ သူတို့တွေ ဒုက္ခရောက်နေတဲ့ အကြောင်းတွေ ကျွန်တော်တို့ ကွင်းဆင်း လေ့လာတာပါ။ ကြေးစင်တောင် တဝိုက်မှာလုပ်နေတဲ့ စီမံကိန်းတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တယ်။ စီမံကိန်းတွေကို အမြန်ဆုံး နိုင်ငံတော်က ရပ်ဆိုင်းသင့်တယ်။ သူတို့လယ်တွေကို သူတို့ ပြန်ပြီးလုပ်ကိုင်ခွင့် ပေးသင့်တယ်လို့ ကျွန်တော်မြင်တယ်"
ကိုမိုးသီဇွန် ဦးဆောင်တဲ့ အမိမြေ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ဟာ ဝက်မှေး၊ လက်ပံတောင်း၊ ဆည်တဲ စတဲ့ကျေးရွာတွေကို သွားရောက်ခဲ့ကြပြီး အဲဒီကနေတဆင့် ပခုက္ကူမြို့ကို ခရီးဆက်ထွက်မယ်လို့ သိရပါတယ်။
မနေ့ကတော့ ကိုမိုးသီးဇွန်တို့အဖွဲ့ဟာ မန္တလေးမြို့ကို ရောက်ရှိခဲ့ပြီး မဟာမုနိဘုရားကြီး၊ မြဝတီကျောင်းတိုက် ဆရာတော်၊ ဘုရားကြီးအလယ်တိုက် ဆရာတော်၊ မစိုးရိမ်တိုက်သစ် ဆရာတော်တွေအပြင် ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တွေကို သွားရောက် ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။