နေပြည်တော်မှာ ဒီကနေ့ ဆက်လက်ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ချင်းတိုးတက်ရေး ပါတီက ဦးပေါ်လျံလွင်က လူနည်းစု တိုင်းရင်းသား တွေရဲ့အရေးကို တင်ပြပြီး ဒေါ်အောင်ဆန်းစုကြည်လို အထင်ကရ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေး ကော်မတီကို ဖွဲ့စည်းဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အဆိုပြု တင်သွင်းခဲ့တဲ့ တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ဒို့တာဝန် အရေးသုံးပါး ဘောင်အတွင်းက ဆွေးနွေးဖို့ တင်ပြချက်ကို တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေး ကော်မတီအနေနဲ့ သုံးသပ်ပြီး ပြန်လည် တင်ပြဖို့ အမျိုးသား လွှတ်တော် ဥက္ကဌက ဒီကနေ့ဆုံးဖြတ် လိုက်ကြောင်းလည်း သိရပါတယ်။
တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စကို လွှွတ်တော် ကိုယ်စားလှယ် ၁၄ ဦး က ပြင်းပြင်း ထန်ထန် ဆွေးနွေး ခဲ့ကြအပြီး အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ဒီကနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးက ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး တင်ပြချက် အပြည့်အစုံကို ဆက်လက် နားဆင်ပါ။
ဒါ့အပြင် ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အလုပ်သမား အခွင့်အရေး ဆိုင်ရာ အဆိုတခုနဲ့ သတင်း သုံးသပ်မှုကို လွတ်လပ်စွာ ဖေါ်ပြနိုင်ခွင့် အတွက် အဆိုမူကြမ်း တခုတို့ကို တင်ပြခဲ့ပြီး အဲဒီ အဆိုကို စက်တင်ဘာ ၇ ရက် မနက်ဖြန်မှာ ဝိုင်းဝန်း ဆွေးနွေး ကြလိမ့်မယ်လို့ သိရပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဒီကနေ့ လွှတ်တော်ကို တက်ရောက်ခဲ့သူ ရန်ကုန်တိုင်း လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။