ကေအိုင်အို ကို သီးသန့်တွေ့ဆုံဖို့ ဖိတ်ကြား


2017.02.01
gwanmaw-21panglong-620.jpg နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ကကျင်းပတဲ့၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်လာတဲ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော် ကို တွေ့ရစဉ်
Photo:Myo Thant Khaing/ RFA

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ကို အစိုးရနဲ့ ရန်ကုန်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးနိုင်ဖို့အတွက် ငြိမ်းချမ်းရေးကော်မရှင်က စာပေးပို့လိုက်ကြောင်း ဗိုလ်ချုပ် ဂွမ်မော် က အတည်ပြုပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က ဖိတ်ကြားစာ တစ်စောင် ပေးပို့လာတာလို့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချူပ်ဂွမ်မော် က ပြောပါတယ်။

"ဟုတ်တယ် သူတို့ ပေးတဲ့စာမှာက နိုင်ငံရေးဆွေးနွေးလိုလို့ရှိရင်တဲ့ ရန်ကုန်ကို လာခဲ့ပါလို့ အဲ့လို ကျနော်တို့ကို စာရေးတယ်လေ၊ အဲတော့ ကျနော်တို့စာပြန်ရေးတာက နိုင်ငံရေးက ကျနော်တို့ ဆွေးနွေးချင်တဲ့ ဆန္ဒရှိလို့ပဲ၊ ကျနော်တို့ နိုင်ငံရေးကိစ္စက ကျနော်တို့မှာ UNFC DPN နဲ့တဆင့် အမြဲတမ်း ဆွေးနွေးလျှက်ရှိပါတယ်၊ နောက် ဒုတိယအချက်ကတော့ အရင်ကျနော်တို့ သိပ်မရှင်းတဲ့ အချက်တွေပေါ့လေ၊ ကျနော်တို့ကြားမှာ နားလည်မှု ညှိဖို့လိုအပ်တဲ့ကိစ္စတွေ ကျနော်တို့ အရင်ပို့ထားတဲ့ စာတွေရှိတယ် အဲ့ဒီကိစ္စတွေလည်း ကျနော်တို့ကို ပြန် အကြောင်းကြားစေချင်တယ်လို့ ကျနော်တို့က စာပြန်ထားတာ၊ သဘောက ကျနော်တို့ပြောချင်တာက ကျနော်တို့နဲ့ KIO နဲ့ သီးသန့်ဆွေးနွေးဖို့ လိုအပ်တဲ့ ခေါင်းစဉ်တွေ ရှိရင်လည်း ကျနော်တို့က ဆွေးနွေးမှာပါ၊ ဒါပေမဲ့ အခုလောလောဆယ် အခြေအနေကြတော့ ကျနော်တို့က ဥပမာ ကျနော်တို့ကို အကြမ်းဖက်တို့ ဘာတို့ပြီးရင် အခု စစ်ဆင်ရေးတို့ ဘာတို့လုပ်နေတဲ့ အချိန်ကြတော့ ဒါတွေကို အရင်ကျနော်တို့က ကေေျကျလည်လည်ဆွေးနွေးပြီးမှ ပဲ ဘာခေါင်းစဉ်တွေ ဆွေးနွေးမလဲဆိုတာ အစီအစဉ်လုပ်ရမှာလေ၊ အဲတော့ ကျနော်တို့က အရင်ပို့ထားတဲ့ စာတွေရှိတယ်၊ အဲဒါကြောင့် အဲဒီအရင် ကျနော်တို့မေးထားတဲ့ ကျနော်တို့ဘက်က မရှင်းလင်းလို့ မေးမြန်းထားတဲ့ အချက်တွေကိုလည်း ပြန်ပြီးဖြေကြားပေးပါလို့ ကျနော်တို့က စာပြန်ထားတာ"

KIO ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ကနေပြီး ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ကို အကြောင်းပြန်စာပေး ပို့ထားကြောင်း လည်း ပြောပါတယ်။

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်ပြီး NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေထဲက အဖွဲ့တစ်ဖွဲ့ ဖြစ်သလို တအာင်း၊ အေအေ၊ ကိုးကန့်အဖွဲ့တွေ နဲ့ မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။