PDF အတွက် စနစ်တကျ သင်ကြားနေတယ်လို့ NUG ဝန်ကြီးပြော

ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021.06.04
စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် မြန်မာနိုင်ငံ နေရာအနှံ့၊ မြို့နယ်ပေါင်းစုံ၊ အလွှာအသီးသီးက လူငယ် တွေဟာ သစ်တောနယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF စစ်သင်တန်းတွေ တက်ရောက်ပြီး စစ်အာဏာရှင်ကို ပြန်တွန်းလှန်ဖို့ ကြိုးစားနေကြတာပါ။
 
တချိန်က မြို့ပြလို အစားသောက် အနေအထိုင် အဆင်ပြေတဲ့နေရာမှာ နေခဲ့ကြပေမယ့် တော်လှန်ရေး ကာလမှာတော့ တောထဲလို အစားအသောက်၊ အနေအထိုင် ခက်ခဲကြမ်းတမ်းတဲ့ နေရာမျိုးမှာ အမျိုးသမီးတွေပါ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။
 
နောက်ဆုံးနှစ် ဆေးကျောင်းသူ တစ်ယောက်ကတော့ အိမ်မှာလို သက်တောင့်သက်သာ မရှိပေမယ့် ဒီအချိန်ဟာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ရမယ့် အချိန်ဖြစ်လို့ အခုလို ရောက်နေတာလို့ ပြောပါတယ်။

"နောင်မျိုးဆက်တွေအတွက် တိုက်ပွဲဝင်ရမယ့် အလှည့်ဖြစ်လာပြီ"

ပြီးခဲ့တဲ့ ၈၈ အရေးအခင်းမှာ ပေးဆပ်ခဲ့ သူတွေကြောင့် နှစ်အနည်းငယ် လွတ်လွတ်လပ်လပ် နေခဲ့ဖူးပြီး အခုချိန်မှာတော့ နောင်မျိုးဆက်တွေအတွက် တိုက်ပွဲဝင်ရမယ့် အလှည့်ဖြစ်လာပြီလို့ ဆေးကျောင်းသူက ပြောပါတယ်။
 
ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို လက်မခံကြတဲ့ မြန်မာနိုင်ငံ အနှံ့က ဝန်ထမ်းပေါင်း နှစ်သိန်းကျော်ဟာ အကြမ်းမဖက် ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ ကြပါတယ်။ အဲဒီထဲမှာလည်း ကျန်းမာရေးဝန်ထမ်း တော်တော်များများလည်း ပါဝင်ပါတယ်။ 
 
လုပ်သက် ၂၂ နှစ်ရှိတဲ့ ကျန်းမာရေးဝန်ထမ်း တစ်ယောက်ကလည်း စစ်အာဏာရှင် လက်အောက်မှာ မတရားမှုတွေ များလာတဲ့အတွက် CDM ဝင်တဲ့အပြင် စစ်သင်တန်းမှာ လာတက်နေတာဖြစ်တယ်လို့ ပြောပါတယ်။
 
စစ်အာဏာသိမ်းတာကို လက်မခံဘဲ ဆန့်ကျင်တဲ့အထဲမှာ တပ်မတော်သားတချို့လည်း ပါဝင်ပါတယ်။ အဲဒီအထဲမှာ အမြှောက်တပ်က တပ်မတော်သား တစ်ယောက်က စစ်တပ်က အာဏာသိမ်းတာကို မလိုချင်ဘဲ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပြန်ယူဖို့ တောတွင်းက စစ်ရေးလေ့ကျင့်တဲ့ နေရာကို ရောက်လာခဲ့သူ တစ်ယောက်ပါ။
 
စစ်ကောင်စီတပ်မှာ တိုက်ပွဲတွေမှာသုံးတဲ့ သံချပ်ကာကားနဲ့ တင့်ကား အင်အား အရေအတွက်ပေါင်း ၂၀၀ ကျော် ရှိပြီး အဲဒီယာဉ်တွေရဲ့ ချိန်းကြိုးတွေကို ပြတ်တောက်သွားအောင်၊ ဘီးတွေပျက်သွားအောင် မိုင်းထောင် တာမျိုးတွေနဲ့ ရပ်တန့်အောင် လုပ်လို့ရတယ်လို့ အမြှောက်တပ်သားက ပြောပါတယ်။
 
bpdf-.jpg
(ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ "ရိုးမ" က လူငယ်တွေ တောထဲမှာ စစ်သင်တန်းတက်နေစဉ်) Photo BPDF
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့  စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်တွေဘက်က တင့်ကားတွေသုံးပြီး ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။
 
ပြည်သူကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီတပ်ကို ဖျက်သိမ်းပြီးရင် အမျိုးသားညီညွတ်ရေး အစိုးရ NUG က တည်ထောင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ကို အစားထိုးဖို့  တပ်မတော်တစ်ခု တည်ထောင် ထားတာဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ စနစ်နဲ့အညီ ရှေ့ဆက်ဖို့အတွက် တိုင်းရင်းသားလူမျိုးစုံ ပေါင်းစပ် ပါဝင်ကြမှာ ဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
 
အနာဂတ် တပ်မတော်ဖြစ်တာကြောင့် PDF စစ်သင်တန်းတွေမှာ စစ်ပညာသာမက နိုင်ငံရေးနဲ့ပတ်သက်တဲ့  စစ်သည်တစ်ယောက် ကျင့်သုံးရမယ့် ကျင့်ဝတ်တွေ၊ နိုင်ငံတကာ စစ်စည်းကမ်း ပြဌာန်းချက်တွေကိုပါ လေ့ကျင့်သင်ကြား ပေးနေတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
 
NUGက တည်ထောင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို မြို့နယ်ဒေသ အလိုက် ဖွဲ့စည်းမှာ မဟုတ်ဘဲ တပ်ရင်း၊ တပ်ဖွဲ့တွေကိုသာ ဖွဲ့စည်းမှာ ဖြစ်တဲ့အကြောင်း၊ မြို့နယ်အလိုက် ဖွဲ့စည်းထားကြတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ချိတ်ဆက်ပြီး တပ်မတော် တစ်ခုတည်းအောက်ကို ရောက်အောင် ကြိုးစားနေတယ်လို့ ဝန်ကြီးက ပြောပါတယ်။
 
ဒီတော်လှန်ရေးကာလမှာ လူငယ်တွေနဲ့ ပြည်သူတွေက ကိုယ်ထူကိုယ်ထ စစ်အာဏာရှင်ကို ပြန်တွန်းလှန် နေတာ ဖြစ်တဲ့အတွက် ချက်ချင်း ပုံစံတကျ မရှိသေးပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ပုံစံတကျ၊ စနစ်ကျတဲ့ အရည်သွေးပြည့်တဲ့ တပ်မတော်အဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော်ဖြစ်လာဖို့ ယုံကြည်နေ ကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။