တမူး-ကလေး ကားလမ်း မသုံးကြဖို့ PDF သတိပေး

2022.01.30
တမူး-ကလေး ကားလမ်း မသုံးကြဖို့ PDF သတိပေး တမူးပြည်သူ့ကာကွယ်ရေး တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း တမူး-ကလေး အာရှ လမ်းမကြီးတလျှောက် တမူး ပြည်သူ့ ကာကွယ်ရေး တပ်ရင်း ၃ နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် အဲဒီ လမ်းကို ပြည်သူတွေအနေနဲ့ အရေးပေါ်ကာလအတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ တမူးပြည်သူ့ကာကွယ်ရေး တပ်ရင်း ၃ က ဒီနေ့ သတိပေးကြေညာလိုက်ပါတယ်။

တမူး-ကလေး အာရှလမ်းမကြီး ရန်လင်းဖိုင်နဲ့ ဝိတုတ်ရွာအကြား တမူးပြည်သူ့ကာ ကွယ်ရေး တပ်ရင်း ၃ နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအကြား ဒီနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ တစ်ဦးနဲ့ တပ်သား နှစ်ဦး ကျဆုံးသွားတယ်လို့ တမူးပြည် သူ့ကာကွယ်ရေး တပ်ရင်း ၃ က ဗိုလ်ဇီးကွက်က ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရနိုင်ဖို့ RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ဝ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဝက်ရှုကျေးရွာနဲ့ နှစ်မိုင်အကွာက အုတ်ဖိုကန်ဘောင် အကျဉ်းစခန်းကို တမူး PDF တပ်ရင်း (၁) က ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ထောင်ပိုင်နဲ့ ထောင်ဝန်ထမ်း ၁၁ ဦး သေဆုံးသွားခဲ့တယ်လို့ တမူး PDF တပ်ရင်း (၁) က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။