ဖယ်ခုံ PDF အင်အား ၁၅ဝဝ ခန့်အထိ တိုးလာ
2021.09.24
ဖွဲ့စည်းခဲ့တာ ၃ လဝန်းကျင်ပဲ ရှိသေးတဲ့ ဖယ်ခုံ PDF အဖွဲ့ဟာ အခုဆိုရင် အင်အား ၁၅ဝဝ ခန့်အထိ တိုးတက်များပြားလာနေပြီလို့ သိရပါတယ်။ အဲဒီဒေသတဝိုက်မှာရှိတဲ့ လူငယ်တွေကို စုစည်း သင်တန်းပေးနေတဲ့ ခေါင်းဆောင်တစ်ဦးကတော့ ကိုရဲထက်ပိုင် ဖြစ်ပါတယ်။ ဒါဟာ သူ့နာမည်ရင်းတော့ မဟုတ်ပါဘူး။ သူဟာ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းတခုကနေ အာဏာသိမ်းပွဲနောက်ပိုင်းမှာ ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ရှမ်းပြည်တောင်ပိုင်းက သူဇာတိမြေကို ပြန်လည်ရောက်ရှိလာပြီးနောက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ ပူးပေါင်းပြီး ဒေသခံလူငယ်တွေကို သူစုစည်းခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်မှာရှိနေစဉ် ရရှိခဲ့တဲ့ သင်ခန်းစာနဲ့ တော်လှန်ရေးနယ်မြေမှာ နိုင်ငံခြားသားတချို့ထံက ထပ်မံ ရရှိတဲ့ ခေတ်မှီစစ်ပညာတွေကို ပေါင်းစပ်ပြီး Generation Z မျိုးဆက်သစ်တွေကို ပြီးခဲ့တဲ့ ဇွန်လကစတင်ပြီး သူသင်တန်းပေးနေတာ အခုဆိုရင် ၁ဝ ကြိမ်ရှိပြီလို့ RFA ကို ပြောပါတယ်။
“၇ ရက် နဲ့ အများဆုံး ၁ဝ ရက် အခြေခံပေါ့။ သေနတ်ကိုင်တွယ်ပုံ ပစ်ခတ်ပုံ save ဖြစ်အောင်လုပ်ပုံ တက်တာ ဆုတ်တာက အစ စည်းစနစ်နဲ့သွားတာက အစ အသေးစိတ် အပင်ပန်းခံ သေသေချာချာ လေ့ကျင့်ပေးတယ်။ စစ်သင်တန်းက ရက်ပိုင်းနဲ့မရဘူးဆိုတာ ကျနော်လဲ လက်ခံတယ်၊ သို့ပေမဲ့ အနေအထားက ရက်ပိုင်းလောက်ဘဲ လုပ်သင့်လို့ပါ။ သင်တန်း ၁ဝ ကြိမ်လောက်လုပ်ပြီးသွားပြီ။ တကြိမ်ကို အယောက် ၈ဝ ကျော်နဲ့ လူ ၈ဝဝ ကျော်လောက် train ပြီးသွားပြီ။ လက်ရှိမှာတော့ အယောက် ၁ဝဝ နီးပါး ကျနော် train နေပါတယ်။ ခုလက်ရှိသင်တန်းမှာက ကျနော်တို့ဒေသမှာရှိတဲ့ လီဆူး ပါတယ်၊ ရှမ်း ပါတယ်၊ ကယန်း ပါပါတယ်။ အင်းသား ပါတယ်။ အရှေ့ဘက်တကြောမှာတော့ ကျနော်တို့ အင်အား ၁၅ဝဝ ဝန်းကျင်လောက် ရှိတယ်”
သင်တန်းပေးရင်းနဲ့ သူတို့တိုက်ပွဲ ၅ ကြိမ်ခန့် တိုက်ခဲ့ပြီးပြီလို့လည်း ကိုရဲထက်ပိုင်က ပြောပါတယ်။
“မိုးဗြဲမှာ တစ်ကြိမ်၊ ဖယ်ခုံ ဟိုးဘက် လယ်ဝယ်ဘက်မှာ တစ်ကြိမ်၊ နောက်ဖယ်ခုံမြို့ထဲနားမှာ တစ်ကြိမ်၊ ခေါင်းပိုင်းမှာ တစ်ကြိမ်၊ အရှေ့တကြောမှာ တကြိမ်။ တိုက်ပွဲ ၅ ကြိမ်လောက်မှာ ကျနော်တို့ဘက်က ၂ ယောက်လောက် ထိခိုက်တာရှိတယ်။ ဒါပေမဲ့ စိုးရိမ်စရာမရှိဘူး။ ခေါင်းပိုင်းတိုက်ပွဲမှာ မိုးတော်တော်သည်းတယ် မိုးကြီးတဲ့ထဲ ကျနော်တို့သေနတ်တွေက မထွက်တထွက်နဲ့ ပစ်ရတယ်၊ တယောက်ကို တယောက် ပေ ၅ဝ မကွာဘူး၊ သူပစ် ကိုယ်ပစ်ပဲ။ သူတို့အင်အားက အယောက် ၃ဝဝ လောက်ရှိတယ် ကျနော်တို့က ၃ဝ လောက်နဲ့ သွားပြီးဖျက်တယ် လမ်းမှာ။ ဘာမိုင်းမှ မဆွဲဘူး။ ကျနော်တို့ရှိတဲ့ လက်လုပ်တွေနဲ့ပဲ ပစ်တာကို သူတို့ အယောက် ၂ဝ လောက်ထိတယ်၊ ၁ဝ ယောက်ကျော်ကျော်လောက်ကတော့ ပွဲချင်းပြီးပဲ။ ကျန်တဲ့အနည်းငယ်ကတော့ ခြေလက်ထိသွားတယ်။ မျက်စေ့ရှေ့မှာပဲ နီးနီးနားနားလေးကို တည်ပြီး ပစ်လာခဲ့တာမို့လို့။ အရာရှိတယောက်တော့ ပွဲချင်းပြီးတယ် ၃ ပွင့် နဲ့၊ ဘယ်သူလဲတော့ မသိဘူး။”
သူတို့အဖွဲ့အနေနဲ့ NUG အစိုးရနဲ့ ချိတ်ဆက်ပူးပေါင်းမှုရှိပါတယ်။ ဒါပေမယ့် အကူအညီတွေအများကြီး လိုနေတယ်။ အဖွဲ့အင်အားနဲ့စာရင် လက်နက်နဲ့ အစားအစာ လိုအပ်ချက်က အရမ်းကွာနေတယ်လို့ သူက ပြောပါတယ်။
“NUG အစိုးရဆီကနေ အကူအညီရတယ်။ ဒါပေမဲ့ ကျနော်တို့လူငယ်တွေအင်အား PDF တွေက အင်းအားက များတဲ့အတွက် လုံလောက်မှု မရှိပါဘူး။ ကျနော်တို့လဲ ကျနော်တို့ရှိတဲ့ အတိုင်းအတာနဲ့ ကျနော်တို့ ရပ်တည်နေပါတယ်။ စစ်ကောင်စီကို တွန်းလှန်ချင်လို့ အသက်မပြည့်သေးတဲ့ ကလေးတွေတောင် အများကြီးပါတယ်။ တခါတရံဆို ဆန်ပြုတ်တောင်စားရတယ် ရိက္ခာမလောက်လို့။ ကျနော်တို့စိတ်ဓာတ်ကတော့ လုံးဝ ခိုင်မာပါတယ်။ မိုးတအားရွာနေတာတောင်မှ မိုးကာမပါ ဘာမှမပါဘဲနဲ့ အလုပ်လုပ်နေတယ်။ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ဒုက္ခရောက်ရောက် ဘယ်လိုပုံစံပဲ ရောက်လာရောက်လာ ကျနော်တို့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းနေတယ်။ ပြည်သူလူထုအနေနဲ့ ကျနော်တို့ကို ဝိုင်းပြီးအားပေးဖို့ မျှော်လင့်ပါတယ်။”

နွေဦးတော်လှန်ရေးကို ပြည်တွင်းပြည်ပ အကူအညီတွေပေးနေကြပေမယ့် PDF အားလုံးလိုလိုက လိုအပ်ချက်တွေ အများအပြားရှိနေတယ်လို့ ပြောပါတယ်။ NUG အစိုးရခေါင်းဆောင်ပိုင်းကလည်း သူတို့ တတ်နိုင်သမျှ ဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။ ပြည်ပကနေ ကူညီနေတဲ့အဖွဲ့အစည်းတွေထဲမှာ ထင်ရှားတဲ့အဖွဲ့တခုကတော့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျယ်လိမြို့အခြေစိုက်တဲ့ အဖွဲ့တခုပါ။ အဲဒီအဖွဲ့ကို ခေါင်းဆောင်သူတွေထဲမှာ ၈၈ အရေးတော်ပုံမှာ လှုပ်ရှားခဲ့တဲ့ ကိုကျော်ဝဏ္ဏ လည်းပါဝင်ပါတယ်။
“အခု ဒီ PDF တွေက သူတို့စွမ်းနိုင်သလောက် ပင်ပန်းဆင်းရဲခံပြီးတော့ စွန့်စွန့်စားစားလုပ်နေတာ ကျနော်တို့ဘက်က ဝမ်းသာတယ် ဂုဏ်ယူတယ်၊ သူတို့လိုအပ်တာတွေကို ကျနော်တို့ စွမ်းနိုင်သမျှ ထောက်ပံ့နေတယ်။ ကျနော်တို့ နည်းမျိုးစုံ နဲ့ အလှူခံပြီးတော့ လိုအပ်နေတဲ့ PDF တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးနေပါတယ်။ အနှံ့အပြားတော့ မရောက်နိုင်ပေမဲ့ တော်တော်များများကို ကျနော်တို့ ရောက်နိုင်သမျှ ပို့ပေးနေပါတယ်။ အားလဲ မငယ်ကြပါနဲ့။ ကျနော်တို့ နိုင်မဲ့ပွဲ ပါ။ ပြင်ပမှာရှိတဲ့သူတွေ အကုန်လုံးက အားတက်သရောကို ပိုင်းဖြတ်ချက်နဲ့ကို ကူညီနေကြတာပါ၊ အဆုံးထိသွားကြမှာပါ”
အခုလို ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။