လေးလအတွင်း စစ်ကောင်စီတပ်စခန်း ၇၀ ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်
2023.04.27
လေးလတာကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်း၊ လေတပ်စခန်း၊ လက်နက်စက်ရုံနဲ့ တပ်စခန်းဌာနချုပ် စုစုပေါင်းတိုက်ခိုက်မှု ၇၀ ကို PDF တွေပါဝင်တဲ့ တပ်ပေါင်းစုက တိုက်ခိုက်နိုင်ခဲ့တယ်လို့ NUG က ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ကနေ ဧပြီလအထိ လေးလတာကာလအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ PDF တွေပါဝင် တပ်ပေါင်းစုက တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဧပြီလ ၂၇ ရက်နေ့မှာ NUG က ထုတ်ပြန်လိုက်တာပါ။
စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲ ၄၄ ပွဲ၊ လေတပ်စခန်းတိုက်ခိုက်မှု ၆ ခု၊ လက်နက် စက်ရုံတိုက်ခိုက်မှု ၉ ခုနဲ့ စစ်ကောင်စီတပ်စခန်းဌာနချုပ် တိုက်ခိုက်မှု ၁၁ ခု ကို PDF တွေ ပါဝင်တဲ့ တပ်ပေါင်းစုက တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
အာဏာရှင် နိဂုံး ၂၀၂၃ ဆိုတာဟာ သာမာန်ကြွေးကြော်သံတစ်ခုမဟုတ်ဘဲ စနစ်တကျ စီမံညှိနှိုင်းပြင်ဆင်ပြီးမှ ထုတ်ပြန်လိုက်တဲ့ တိုက်ပွဲခေါ်သံ စစ်စစ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ဗလာနဲ့ စခဲ့ကြတဲ့ ပြည့်ရင်သွေး PDF တွေဟာ ပြည့်ပြည့်စုံစုံ ဖြစ်လာနေပြီး ဗျူဟာမြောက် လှုပ်ရှားမှုတွေ နိုင်ငံအနှံ့နေ့စဉ်နီးပါး ဖော်ဆောင်နေကြတယ်လို့ ပါဝင်ပါတယ်။
ဒီလိုတိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်လို့ မရခဲ့ပါဘူး။
စစ်ကောင်စီဘက်ကတော့ လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရတာတွေ၊ အရပ်သားပြည်သူ ထိခိုက်မှုတွေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကိုသာ ထုတ်ပြန်လေ့ရှိပြီး အခြားတိုက်ခိုက်မှုတွေကိုတော့ ထုတ်ပြန်တာမတွေ့ရပါဘူး။