တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ဒေသတွေကို စက်သုံးဆီရောင်းဝယ်သူ ၁၇ ဦးကို စစ်ကောင်စီဖမ်းဆီး
2025.01.02

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထိန်းချုပ်နယ်မြေတွေကို စက်သုံးဆီ တရားမဝင် သိုလှောင်ရောင်းဝယ်နေသူ ၁၇ ဦးကို ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းမြို့နယ် ညောင်ပင်ဇင်ရွာ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်အနီးမှာ စက်သုံးဆီ သိုလှောင်ရောင်းဝယ်တဲ့ နေရာ ငါးနေရာကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူ ၁၇ ဦးရဲ့ နာမည်တွေနဲ့တကွ ဖော်ပြထားပါတယ်။
ဒါ့အပြင် စက်သုံးဆီ သယ်ယူရာမှာ အသုံးပြုတဲ့ မော်တော်ယာဉ် ၂၂ စီး၊ စက်သုံးဆီမျိုးစုံ ဂါလန် ခြောက်သောင်းကျော် (၆၀၅၄၅ ဂါလန်) နဲ့ ငွေစက္ကူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စက်သုံးဆီတွေကို မန္တလေးမြို့ကနေတစ်ဆင့် စစ်ကိုင်း - ရွှေဘို အမှတ် ၃ ခရိုင်ချင်းဆက်လမ်းအတိုင်း သယ်ဆောင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်လုပ်ကိုင်နေတဲ့ ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ၊ တနိုင်းဒေသက ရွှေနဲ့ ပယင်းမှော်လုပ်ငန်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ထိန်းချုပ်လုပ်ကိုင်နေတဲ့ ကောလင်းဒေသနဲ့ ချင်းတွင်းမြစ်တစ်လျှောက်က ရွှေလုပ်ကွက်တွေအပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ PDF တပ်ဖွဲ့တွေ ထိန်းချုပ်လုပ်ကိုင်နေတဲ့ စဉ့်ကူးမြို့နယ် သပိတ်ကျင်းဒေသက ရွှေလုပ်ကွက်တွေအပါအဝင် မိုးကုတ်ဒေသက ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေကို ရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KIA၊ TNLA၊ MNDAA နဲ့ PDF တပ်ဖွဲ့တွေ အခြေပြုတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းက တချို့ဒေသတွေကို စက်သုံးဆီ သယ်ယူရောင်းချတာ မလုပ်နိုင်အောင် ပိတ်ဆို့တားဆီးထားပေမဲ့ လုံခြုံရေးဆိုင်ရာကန့်သတ်ချက်ရှိမှုအပေါ် အခွင့်ကောင်းယူပြီး ရှောင်ကွင်းလမ်းတွေ အသုံးပြု သယ်ယူရောင်းချတာတွေရှိနေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားသူတွေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့ အရေးယူသွားမှာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ မော်တော်ယာဉ်တွေနဲ့ စက်သုံးဆီတွေကို ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောက်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ ပြစ်မှုကျူးလွန်သူတွေဟာ ထောင်ဒဏ်ခြောက်လကနေ သုံးနှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ပြီး ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်ကိုလည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။