မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်မှာ PDF ရှစ်ဦးအလောင်းတွေ့
2022.12.29
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချို့မြို့နယ်အစပ်က နဂါးချောင်းအနီးမှာ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းက ပစ်သတ်ခံထားရတဲ့ PDF ရှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေ တွေ့ရှိခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒိုးပင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
“ဖြစ်တာက ဒိုးပင်ကျေးရွာနဲ့တော့ ဝေးတယ်။ မတ္တရာ မြို့အစပ်နားမှာဖြစ်တာ၊ PDF သတင်းရလို့ဆိုပြီး စစ်ကောင်စီဘက်က အဲဘက်ကို သွားတဲ့အချိန်မှာ ထိပ်တိုက် တွေ့သွားတယ်လို့ အကြမ်းဖျင်းသိထားတယ်”
ဒိုးပင်ကျေးရွာနဲ့ မတ္တရာမြို့အစပ်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တာရှိခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။
အဲဒီဒေသတွေမှာ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပြင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားတဲ့နေရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်ဆောင် ရဲဘော်မိုးကြိုးကတော့ သေဆုံးသွားတဲ့ PDF တွေဟာ သူတို့တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ပြောပါတယ်။
“သေသွားတဲ့ ရှစ်ယောက်က PDF တွေဆိုတာ မှန်ပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးဗျ။ ဘယ်အဖွဲ့ကလည်းတော့ မသိရဘူး”
အခုရက်ပိုင်းမှာ စစ်ကောင်စီနဲ့ သူတို့တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်တာမရှိဘူးလို့လည်း ရဲဘော်မိုးကြိုးက ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်စာမျက်နှာတွေမှာတော့ အခုလ ၂၆ ရက်နေ့က နောင်ချိုမြို့နယ် ဒိုပင်ရွာနီးမှာ ဆိုင်ကယ်ခြောက်စီနဲ့ ရောက်လာတဲ့ PDF တပ်ဖွဲ့ဝင် ၁၁ ဦးကို တွေ့ရှိလို့တားရာမှာ မရပ်တန့်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ PDF တပ်ရင်း ၅၀၉ နဲ့ ၅၁၀ က သူတွေ ဖြစ်တယ်လို့ စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကရော၊ စစ်ကောင်စီဘက်ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။