မုံရွာက ကာကွယ်ရေးစခန်းတစ်ခု စီးနင်းခံရပြီး လက်နက်ပစ္စည်းတွေ ဆုံးရှုံး
2024.02.27

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ဘက်မှာရှိတဲ့ Monywa Special ဒိတ်ဒိတ်ကြဲ ပြည်သူ့ကာကွယ်ရေးစခန်းကို ဖေဖော်ဝါရီ ၂၅ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် စစ်လက်နက်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ အဲဒီအဖွဲ့တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၁၈၀ ကျော်ဟာ စစ်ကြောင်း သုံးကြောင်းခွဲကာ စခန်းကိုဝင်ရောက်စီးနင်းခဲ့ပြီး ကျပ်သိန်း ငါးရာကျော် တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတချို့နဲ့ ငွေသားတွေပါ ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။
တစ်ဖက်ကနေ စစ်ကြောင်းထိုးလာတာကို ခုခံနေချိန်မှာပဲ အခြားဘက်ကနေပါ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တာလို့ Monywa Special ဒိတ်ဒိတ်ကြဲ ပြည်သူ့ကာကွယ်ရေးစခန်းက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“စခန်းနားကပ်လာချိန်မှာ ကျွန်တော်တို့ကမဲပြီး အနောက်ဘက်ကစစ်ကြောင်းကို ကာကွယ်ချိန်မှာပဲ မြောက်ဘက်ကနေ ဝင်စီးသွားတာပေါ့။ ကျွန်တော်တို့က စခန်းစွန့်ခွာဖို့ ပြင်ဆင်နေချိန်မှာပဲ ဝင်စီးခံရတာ။ ဆုံးရှုံးမှုကတော့ ရှိပါတယ်။ မသုံးရသေးတဲ့ လက်နက်အသစ်လေးတွေ ပါသွားပါတယ်”
အဲဒီစစ်ကြောင်းဟာ နှစ်နာရီနီးပါး ဝင်ရောက်စီးနင်းပြီး အဆောက်အအုံတချို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လေးမိုင်ကျော်အကွာမှာရှိတဲ့ သူတို့စခန်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးတပ်ဘက်က တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာမရှိပေမယ့် ရွာမကြီးရွာခံ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ စစ်ကြောင်းပြန်အထွက်မှာပဲ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီပြည်သူ့ကာကွယ်ရေးစခန်းကို စစ်ကောင်စီတပ်က လေးကြိမ်မြောက် ဝင်ရောက်စီးနင်းတာဖြစ်ပြီး အခုတစ်ခါကတော့ ဆုံးရှုံးမှု အများဆုံးလို့ ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။