လွိုင်ကော် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို PDF တိုက်ခိုက်

2022.01.19
လွိုင်ကော် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို PDF တိုက်ခိုက် ကယားပြည်နယ်က ရှေ့တန်းတစ်နေရာမှာ KPDF တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။
Photo: KPDF

ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်က အစိုးရရုံးတစ်ခုကို ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တွေ ဗုဒ္ဓဟူးနေ့မှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆယ်ဦးမက သေဆုံး ခဲ့တယ်လို့ PDF တပ်ဖွဲ့တွေနဲ့ ဒေသတွင်းသတင်းတွေရဲ့ ပြောဆိုရေးသားချက်တွေကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

လွိုင်ကော်မြို့က အထွေထွေအုပ်ချုပ်ရေး စုပေါင်းခရိုင်ရုံးကို ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF၊ GZ-21နဲ့ JPDF ပူးပေါင်းအဖွဲ့တွေ မနေ့က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ၁၅ ယောက်လောက် သေဆုံးပြီး ဒဏ်ရာရသူတွေ အများအပြားရှိတယ်လို့ KDF အဖွဲ့က ကြေညာချက်ထုတ်ပါတယ်။

မနေ့က အဲဒီတိုက်ပွဲမှာ PDF တပ်ဖွဲ့တွေဘက်က ဒုံးကျည်တွေ၊ ဗုံးတွေ အသုံးပြုခဲ့ပြီး အချိန်တနာရီကျော်ကြာ တိုက်ခိုက်ခဲ့တယ်လို့ KDFအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ သူတို့အဖွဲ့တွေဘက်က ထိခိုက်သေဆုံးတာတွေ မရှိဘူးလို့လည်း ပြောပါတယ်။ 

လွိုင်ကော်မြို့က မနေ့က တိုက်ခိုက်မှုကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုချက်မပေးပါဘူး၊ ဒါပေမယ့် PDF တပ်ဖွဲ့တွေဟာ လွိုင်ကော်မှာရှိတဲ့ စစ်တပ် ဌာနချုပ်နဲ့ စစ်စခန်းတွေကို အခုရက်ပိုင်းတွေအတွင်း ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။ စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးမှုတွေ ဘယ်လောက်ရှိသလဲဆိုတာကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မပြောပါဘူး။

အခုရက်ပိုင်းတွေအတွင်း လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေ အပြင်း အထန် တိုက်ခိုက်နေကြပါတယ်။ စစ်ကောင်စီဟာ မြေပြင်က သူ့တပ်ဖွဲ့တွေကို လေကြောင်းကရော၊ လက်နက်ကြီးတွေနဲ့ပါ အားဖြည့်တိုက်ခိုက်နေပါတယ်။ PDF တပ်ဖွဲ့တွေဟာ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အိမ်တွေမှာ တပ်စွဲထားပြီး အကျဉ်း စခန်းတခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တခုက AFP ကို ပြောပါတယ်။

လွိုင်ကော်မြို့မှာ လူကိုးသောင်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။