မြောက်ပိုင်းလေးဖဲ့ွကို အပစ်ရပ်လက်မှတ်ထိုးဖို့ အစိုးရ တိုက်တွန်း


2019.02.26
theinzaw-khinzawoo-622 ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦး တို့ကို တွေ့ရစဉ်
Photo: Peace Commission

ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ၊ AA ရခိုင်အဖွဲ့၊ ကိုးကန့် MNDAA နဲ့ တအာင်းပလောင် TNLA တို့ကို NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့မှာ မနေ့က အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ တို့ တွေ့ဆုံဆွေးနွေးရာမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့တာလို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက RFA ကို ဒီနေ့ ပြောပါတယ်။

ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ တိုက်တွန်းမှုနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ရဲ့ သဘောထားကို သိနိုင်ဖို့ ခေါင်းဆောင်တွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအချိန်အထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး ။

တဆက်တည်းမှာပဲ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဟာ သူတို့အဖွဲ့အတွင်း ဒီနေ့ ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

မနေ့က ဆွေးနွေးပွဲကို UWSA နဲ့ မိုင်းလားအဖွဲ့က ကိုယ်စားလှယ်တွေလည်း သက်သေအနေနဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို အစိုးရငြိမ်းချမ်းရေး ကော်မရှင်က ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး တို့ ဦးဆောင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး ကော်မရှင်က ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။

"NCA လက်မှတ်ရေးထိုးနိုင်ဖို့ အဓိက ကျနော်တို့ဘက်က ဆွေးနွေးခဲ့တာပေါ့။ တိုင်းရင်းသားတွေဘက်ကလည်း ဆွေးနွေးတာတွေတော့ ရှိတယ်ပေါ့ ။ အဲဒီတော့ ကျနော်တို့ဘက်က ဆောင်ရွက်နိုင်မယ့်ကိစ္စရပ်တွေကိုတော့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ရှင်းပြခဲ့တာရှိတယ်ဗျ။ NCA လက်မှတ်ရေးထိုးနိုင်ဖို့ကိုပဲ ကျနော်တို့ဘက်က ရှင်းပြခဲ့တာပါပဲ"

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဟာ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို လက်မှတ်ထိုးလာအောင် ဦးစားပေး ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ ဆွေးနွေးချက်နဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တုံ့ပြန်ချက်ကိုတော့ ဦးလှမောင်ရွှေက ပြောဆိုခြင်း မရှိပါဘူး။

မနေ့က ဆွေးနွေးပွဲကို AA ရခိုင်အဖွဲ့က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်နဲ့ ဗိုလ်မှူးကြီး ကျော်ဟန်တို့ တက်ရောက်ခဲ့ပြီး ဒီနေ့မှာလည်း မြောက်ပိုင်း မဟာမိတ်အဖွဲ့အတွင်း ဆွေးနွေးပွဲတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။

AA ပြောခွင့်ရ ခိုင်သုခကတော့ ဆွေးနွေးပွဲသွားတက်တဲ့ ခေါင်းဆောင်တွေဘက်က အကြောင်းမကြား လာသေးတဲ့အတွက် မနေ့က တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး အတိအကျ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

"အဲဒါဘာမှ ပြောလို့မရသေးဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုက ပြောမလာသေးဘူးဆိုတော့ ကျနော်ဘာမှ ပြောလို့မရသေးဘူး၊ ဟိုမှာ အစည်းအဝေးတွေက မပြီးသေးဘူး။ သူတို့ နောက်ဆက်တွဲအစည်းအဝေးတွေ ရှိသေးတယ်။ အဲဒါကြောင့် ဟိုကပြောလာပီးမှပဲ ကျနော်ပြောလို့ရမယ်။ လောလောဆယ်တော့ ဘာမှ မပြောနိုင်သေးဘူး။"

KIA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူကတော့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်ဖို့နဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး KIA ဘက်က ဆွေးနွေးဖို့ရှိတယ်လို့ မနေ့က RFA ကို ပြောထားပါတယ်။

ကူမင်းမြို့က ဆွေးနွေးပွဲမှာ အစိုးရဘက်က တိုက်တွန်းချက်နဲ့ပတ်သက်ပြီး နိုင်ငံရေး လေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင်က အခုလို ပြောပါတယ်။

"AA အနေနဲ့ သူတို့လည်း ကျန်တဲ့အဖွဲ့တွေ NCA ထဲမှာ လမ်းကြောင်းကိုလျှောက်ဖို့ ဆုံးဖြတ်တယ်ဆိုရင်တော့ ပါဝင်လာရင်တော့ ကောင်းတာပေါ့လေ။ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့တော့ အဲဒီလုပ်ငန်းစဉ်ထဲမှာပါဝင်လာဖို့ အကြောင်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ကလဲ OBOR လမ်းကြောင်းအတွက် သူတို့ ကိုတော်တော်လေး ဖိအားပေးနေတာကို ။ အဲဒါကိုလည်း သူတို့ငြင်းဆန်လို့မရဘူး မြောက်ပိုင်းကအဖွဲ့တွေ အနေနဲ့ ဒီအပေါ်မှာ AA က သီးခြားသဘောထားဖြစ်မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်ရဲ့အခြေအနေက အတော်လေး ရှုပ်ထွေးသွားလိမ့်မယ်လို့ ထင်ပါတယ်။"

တပ်မတော်က စစ်တိုင်းဒေသကြီး ၅ ခုမှာ ၄ လကြာ အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်တဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်မယ်လို့ ထုတ်ပြန် ကြေညာထားတာ အခုဆိုရင် ၂ လကြာ ရှိနေပြီဖြစ်ပါတယ်။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွ့ဲက အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားပြီး မြောက်ပိုင်းအဖွဲ့ လေးဖွဲ့အပါအဝင် ၉ဖွဲ့ခန့်ကတော့ လက်မှတ်ထိုးဖို့ ကျန်နေတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။