သိန္နီနဲ့ ကွတ်ခိုင်ကို သိမ်းပိုက်လိုက်ကြောင်း မြောက်ပိုင်းသုံးဖွဲ့ ထုတ်ပြန်
2024.01.08

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီနဲ့ ကွတ်ခိုင်မြို့က စစ်ကောင်စီ တပ်စခန်းတွေကို ဇန်နဝါရီလ ၇ ရက် ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
“စစ်ကောင်စီရဲ့ သိန္နီအခြေစိုက် စကခ (၁၆) နောက်တန်းဌာနချုပ်ကို ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်ပြီး ကွတ်ခိုင်ဗျူဟာကိုတော့ ည ၁၁ နာရီမှာ အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်တယ်”
မြေပြင်စစ်ရေး အခြေအနေကို သိသူတစ်ဦးကလည်း မနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လားရှိုးမြို့ကို ပြန်ဆုတ်သွားတယ်လို့ RFA ကို ပြောပါတယ်။
သိန္နီမြို့ပေါ်ကို ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကစလို့ MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားပြီး မြို့နဲ့တစ်မိုင်ကျော်ဝေးတဲ့ စခက (၁၆) နောက်တန်း ဌာနချုပ်နဲ့ လက်အောက်ခံ တပ်တွေကို ပိတ်ဆို့ထားတာပါ။
စစ်ကောင်စီ တပ်ဘက်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး အပြင်းအထန် ခုခံခဲ့ပါတယ်။
ကွတ်ခိုင်မြို့က စစ်ကောင်စီ တပ်စခန်းတွေကိုတော့ ဇန်နဝါရီ လဆန်းပိုင်းကစပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သလို မနေ့ညနေပိုင်းအထိ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ဒါပေမဲ့ ညပိုင်းမှာ ကွတ်ခိုင်ဗျုဟာကို မြောက်ပိုင်းအဖွဲ့ သိမ်းပိုက်လိုက်တာလို့ အမည်မဖော်လိုတဲ့ မြေပြင်စစ်ပွဲမှာ ပါဝင်နေသူတစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။
ကွတ်ခိုင်နဲ့သိန္နီ တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မြောက်ပိုင်းညီနောင် သုံးဖွဲ့ကတော့ သိမ်းပိုက်ထားတဲ့ သိန္နီနဲ့ ကွတ်ခိုင်က စစ်ရေး အခြေအနေ နောက်ဆက်တွဲကို သတင်းထုတ်ပြန်မယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၄ ရက်ကလည်း လောက်ကိုင်အခြေစိုက် ဒေသကွပ်ကွဲမှု စစ်ဌာချုပ် လက်အောက်ခံတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့တာကြောင့် လောက်ကိုင်မြို့ကို MNDAA က သိမ်းပိုက်ခဲ့သလို UWSA “ဝ”တပ်ဖွဲ့ကလည်း ဟိုပန်နဲ့ ပန်လုံမြို့တွေကို ထိန်းချုပ်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပန်၊ ပန်လုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ စတဲ့မြို့ ၁၄ မြို့ကို မြောက်ပိုင်း ညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားပါတယ်။