ကွတ်ခိုင်မြို့ ဗုံးကြဲခံရမှု ခြောက်ဦး သေဆုံး၊ ဆိုင်ခန်းလေးရာကျော် ပျက်စီး
2024.08.07

တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဩဂုတ်လ ၅ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးသူ အရပ်သား ခြောက်ဦးအထိရှိခဲ့ပြီး ကွတ်ခိုင်မြို့မဈေးက ဈေးဆိုင်ခန်း လေးရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့ ပြည်ထောင်စု လမ်းမကြီးပေါ်က ဆောက်လုပ်ရေး အိမ်ဝင်းအနီး ဗုံးသုံးလုံး ကြဲခဲ့သလို၊ ဂေါ်ရခါးဘုရားကျောင်းအနီး တစ်လုံး၊ မြို့မဈေးအနီး နှစ်လုံးနဲ့ ရပ်ကွက် (၃) မှာ တစ်လုံး စုစုပေါင်း ပေါင် ငါးရာဗုံး ခုနစ်လုံး ကြဲချခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက်ကတည်းက Y-12 နဲ့ ကင်းလောထောက်တော့ ဈေးသိမ်းပြီး အားလုံးကို သတိနဲ့နေဖို့ ပြောထားလို့ သက်သာတာ။ မဟုတ်ရင် အတော်ထိကြမှာ အခုတော့ ခြောက်ယောက်သေသွားတယ်”
သေဆုံးသူတွေအပြင် ဒဏ်ရာရသူ ၁၃ ဦးရှိတယ်လို့ သူက ပြောပါတယ်။
TNLA ကလည်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံး၊ ထိခိုက်ခဲ့သလို ကွတ်ခိုင်မြို့မဈေးက ဈေးဆိုင်ခန်း ၄၀၁ ခုနဲ့ အရပ်သားနေအိမ် ဆယ်လုံးထက်မနည်း ထိခုက်ပျက်စီးတယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ကိုးကပ်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးခြောက်ကြိမ် ကြဲခဲ့လို့ အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့က သြဂုတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။