မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် ဖေဖော်ဝါရီမှာ တွေ့ဖို့စီစဉ်နေ

အောင်သိင်္ခ
2021.01.28
မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် ဖေဖော်ဝါရီမှာ တွေ့ဖို့စီစဉ်နေ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မှာ ၂၀၁၉၊ စက်တင်ဘာ ၁၇ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
ဓာတ်ပုံ - ကံသာ/ RFA

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးဖို့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်တို့ လာမယ့် ဖေဖော်ဝါရီ ဒုတိယအပတ်မှာ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဆိုးရွားတဲ့ အခြေအနေမဟုတ်ဘူးဆိုရင်တော့ အစိုးရ ကမ်းလှမ်းထားတဲ့ မြစ်ကြီးနားနဲ့ ကျိုင်းတုံမှာ တွေ့ဆုံဖို့ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့နဲ့ အပစ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးနိုင်ဖို့ အစိုးရဘက်က ကမ်းလှမ်းထားတာပါ။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေထဲက ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ အွန်လိုင်းက တစ်ကြိမ်၊ ဒီဇင်ဘာလမှာ "ဝ" ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့မှာ တစ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲပြီးနောက်ပိုင်းကစလို့ AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ရပ်တန့်နေပါတယ်။

တပ်မတော်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိတဲ့ ဒေသတွေကလွဲလို့ ကျန်ဒေသတွေမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဇန်နဝါရီတစ်လ ရပ်ဆိုင်းထားမယ်လို့ ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အပစ်ရပ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ အခြေစိုက်တဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာတော့ တပ်မတော်နဲ့ KNU တိုက်ပွဲဖြစ်တာ၊ စစ်ရေးတင်းမာနေတာ တစ်လကျော်ကြာမြင့်နေပါပြီ။

ဖာပွန်ခရိုင်မှာရှိတဲ့ ကျေးရွာ ၁၇ ခုက ဒေသခံ လေးထောင်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU က သတင်းထုတ်ထားပါတယ်။

တပ်မဟာ ၅ နယ်မြေမှာ တိုက်ပွဲတွေဖြစ်နေလို့ မွန်ပြည်နယ် ဘီးလင်းမြို့နဲ့ ကရင်ပြည်နယ် ဘားအံမြို့ကြားက တပ်မဟာ ၁ နယ်မြေက ကျေးရွာတွေမှာ တပ်စွဲထားတဲ့ တပ်စခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ရုပ်သိမ်းပေးဖို့လည်း ဒေသခံတွေ ထောင်နဲ့ချီပြီး ဇန်နဝါရီလအတွင်း ဆန္ဒထုတ်ဖော်နေတာ နှစ်ကြိမ်ရှိပါပြီ။

တပ်မတော်က တပ်စခန်းတွေ မတိုးချဲ့တဲ့အပြင် KNU နယ်မြေတွေမှာ တပ်မတော်စခန်း ၆၁ ခု ရုပ်သိမ်း ပေးထားတယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇန်နဝါရီလ ၂၆ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပေမယ့် KNU ကတော့ တပ် ပြောကြားချက်အပေါ် ငြင်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။