ပေါက်နဲ့ မြိုင်မြို့နယ်ထဲက ရေနံကျင်းတွေ ဆက်တိုက်မီးရှို့ခံနေရ
မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကြားက ရေနံမှော်တွေထဲက လက်ယက် ရေနံကျင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၂၄ ရက် ဒီနေ့ထိ ဆက်တိုက် မီးရှို့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေနံကျင်း ပိုင်ရှင်တွေဆီကနေ ပိုက်ဆံတောင်းပေမယ့် ရေနံတွင်းတွေကတော့ မီးရှို့ခံနေရဆဲပဲလို့ မြိုင် PDF ခေါင်းဆောင် ဗိုလ် Cross က ပြောပါတယ်။
"ရေနံတွေ၊ ဘောက်ဆာတွေကလည်း ကျွန်တော်တို့က ထိန်းချုပ်ထားတော့ မထွက်ကြဘူး။ မထွက်တော့ ဘတ်ဂျက်မရဘူး။ အဲဒီတော့ မှော်တွေထဲထိတက်ပြီး တစ်ကျင်းကို သုံး၊ လေးသိန်းနှုန်း လိုက်ကောက်တယ်။ ပေါ်တင်ပြောတာ။ ရှေ့အဖွဲ့က တောင်းပြီး နောက်အဖွဲ့က လိုက်ရှို့တာ"
မြိုင်မြို့နယ်ရဲ့ အနောက်တောင်ဘက်နဲ့ ပေါက်မြို့နယ်ရဲ့ မြောက်ဘက်မှာရှိတဲ့ သပြေညို၊ သရက်ကန်၊ ကျောက်ခွက်၊ ညောင်ပင်ကွေ့ စတဲ့ လက်ယက်ရေနံမှော်တွေမှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ခုလိုလုပ်နေကြတာလို့ သူကပြောပြပါတယ်။
ရေနံမှော်တစ်ခုမှာ ရေနံကျင်းပေါင်း တစ်ရာခန့်ရှိပြီး လက်ရှိအချိန်အထိ ဆုံးရှုံးခဲ့ရတဲ့ ရေနံကျင်းအများအပြား ဖြစ်နေသလို အရေအတွက် အတိအကျကိုတော့ မသိနိုင် သေးဘူးလို့ သူက ဆိုပါတယ်။
ရေနံကျင်း နှစ်ကျင်းကို ငါးသိန်းနှုန်းနဲ့ တောင်းတာကြုံခဲ့ရပြီး မပေးတဲ့ရေနံကျင်းတွေ မီးရှို့ခံရတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က ရေနံမှော်ထဲက အမည်မဖော်လိုသူ တစ်ယောက်ကလည်း ပြောပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) က လုပ်နေတာလို့ ဒေသခံတွေက ပြောပေမယ့်လည်း RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို အတည်ပြုနိုင်ရေး ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ကျောက်ခွက်ရေနံမှော်က ရေနံကျင်း ပေါင်း ၃၀ ဝန်းကျင် မီးရှို့ခံခဲ့ရပြီး အခုလို ရေနံမှော်တွေမှာ ငွေကြေးတောင်းတာ၊ မီးရှို့ တာတွေကို ဆက်တိုက် လုပ်နေကြတာလို့ ပြောပါတယ်။