AA ထိန်းချုပ်တဲ့ ပေါက်တောမှာ ဗုံးကြဲခံရပြီး လေးဦး သေဆုံး၊ နှစ်ဆယ်ခန့် ထိခိုက်

RFA Burmese
2025.02.20
AA ထိန်းချုပ်တဲ့ ပေါက်တောမှာ ဗုံးကြဲခံရပြီး လေးဦး သေဆုံး၊ နှစ်ဆယ်ခန့် ထိခိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ပေါက်တောမြို့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Mg Kyaw Min

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ကရွာတွေကို ဖေဖော်ဝါရီလ ၂ဝရက် မနေ့က စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနှစ်ဦး အပါအဝင် အရပ်သား လေးဦး သေဆုံးပြီး၊ နှစ်ဆယ်ခန့် ဒဏ်ရာရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူတွေဟာ ကျောက်တောင်ရွာက အသက် ၅ဝ အရွယ် ဒေါ်မလုံး၊ အသက် ၁၂နှစ် အရွယ် မခိုင်သဇင်လှိုင်၊ ငါးနှစ်အရွယ် မောင်အောင်ငြိမ်းနဲ့ မညင်းကိုင်းရွာက ၂၄နှစ် အရွယ် ကိုကိုလင်းတို့ ဖြစ်ပါတယ်။

ပေါက်တောမြို့နယ် ကျောက်တောင်၊ မညင်းကိုင်း၊ ဆင်တက်မော်၊ အနောက်ရဲ၊ ဘော်ဒလီစတဲ့ရွာတွေကို စစ်ကောင်စီတပ်က ဗုံးအမြောက်အမြားကြဲချခဲ့ပြီး နေအိမ်တွေလည်း မီးလောင်သွားတယ်လို့ အမည်မဖော်လိုသူ ပေါက်တော ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က နေ့လယ်တစ်နာရီလောက်ရှိမယ်။ ဗုံးဆက်တိုက်လာကြဲတာ။ ကျွန်တော်တို့ ဆင်တက်မော်ရွာမှာတော့ လေးယောက် ဒဏ်ရာရတယ်။ လမ်းလုပ်နေတုန်းမှာ ဗုံးစထိမှန်လို့ ဒဏ်ရာရတာ။ ပြီးတော့ တခြားရွာတွေမှာလည်း အရပ်သားတွေ သေဆုံးဒဏ်ရာရတာရှိတယ်။ နေအိမ် မီးလောင်သွားတာလည်းရှိတယ်”

ဒဏ်ရာရတဲ့သူတွေကို ဆေးကုသပေးနေပြီး အဲဒီအထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ သူတွေလည်း ရှိနေသေးတယ် လို့ဆိုပါတယ်။

စစ်တွေမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးတွေနဲ့ အပြင်းအထန် တိုက်ခိုက်နေတာကြောင့် စစ်တွေမြို့နယ်အနီး ပေါက်တောမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။

အာရက္ခတပ်တော် (AA) က စစ်ရေးထက် နိုင်ငံရေးဆွေးနွေးဖို့ ပြောဆိုထားပေမဲ့ စစ်ကောင်စီတပ်က AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။