ပေါက်မြို့နယ် စံဖဲရွာက အမျိုးသားရှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
2023.03.14

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စံဖဲရွာက အမျိုးသားရှစ်ဦးကို စစ်ကောင်စီတပ်က မတ်လ ၁၄ ရက်မနက်ပိုင်းရွာက ပြန်ထွက်ချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စံဖဲရွာဒေသခံတွေ က RFA ကို ပြောပါတယ်။
စံဖဲရွာကို စစ်ကောင်စီတပ်က မတ်လ ၁၂ ရက်က ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီလို စီးနင်းချိန်မှာ ကျေးရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒေသခံ ၅၀ ကျော်ကို စစ်ကောင်စီ တပ်က ဖမ်းဆီးခဲ့ပြီး မတ်လ ၁၄ ရက် မနက်ပိုင်းက ရွာကနေ ပြန်လည်ထွက်ခွာချိန်မှာ တော့ အဲဒီထဲက အမျိုးသားရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စံဖဲရွာသားတစ်ဦးက ပြောပါတယ်။
"လူငါးဆယ်က ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့တယ်။ လမ်းပြဆိုပြီး ရှစ်ယောက်ကို ခေါ်သွားတယ်ဗျ။ အဲလူငါးဆယ်ထဲကနေ ရှစ်ယောက်ခေါ်သွားတာ အခုထိ ပြန်မရောက်သေးဘူးဗျ"
စံဖဲရွာအတွင်း သုံးရက်လောက်နေထိုင်ပြီး စစ်ကောင်စီတပ်က နေအိမ် ခုနစ်လုံးကို ဖျက်ဆီးခဲ့တဲ့အပြင် ဈေးဆိုင်တချို့ကို ဖောက်ထွင်းပြီး စားသုံးကုန်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သူက ပြောပါတယ်။
စံဖဲရွာက အိမ်ခြေ ၂၅၃ လုံးရှိပြီး လူဦးရေ တစ်ထောင်ဝန်းကျင်နေထိုင်ပါတယ်။ လက်ရှိမှာတော့ ရွာသားတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စံဖဲရွာထဲမှာ တပ်စွဲထားပြီး ရွာအနီးဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စံဖဲရွာသားတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို RFA က ဖုန်းနဲ့ဆက်သွယ် ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့မရခဲ့ပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၆၄၇၀ ဦး ရှိနေပါတယ်။