ပေါက်မြို့ ရွာသုံးရွာက နေအိမ် ၁၃၂ လုံး မီးရှို့ခံရကြောင်း PDF အဖွဲ့တွေပြော
2022.11.29

မကွေးတိုင်း၊ ပေါက်မြို့နယ် ညောင်ရင်းရွာ၊ ခဲပင်အင်းရွာနဲ့ ဂွေးဂုဏ်ရွာက နေအိမ် ၁၃၂ လုံးကို နိုဝင်ဘာလ ၂၈ ရက်မနေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ မီးရှို့သွားတယ်လို့ အဲဒီရွာတွေထဲကို ဝင်ရောက် ရှင်းလင်းပေးနေတဲ့ PDF အဖွဲ့တွေက RFA ကို ဒီကနေ့ ပြောပါတယ်။
ညောင်ရင်းရွာမှာ နေအိမ် ၈၆ လုံး၊ ဂွေးဂုဏ်ရွာမှာ နေအိမ် အလုံး ၄၀ နဲ့ ခဲပင်အင်းရွာက နေအိမ်ခြောက်လုံး မီးလောင် ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်း အင်အား ၁၈၀ ခန့်ဟာ နိုဝင်ဘာလ ၂၈ ရက် မနေ့က ညောင်ရင်းရွာကို မဝင်ခင် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်လကျ်ာက RFA ကို ပြောပါတယ်။
"မနေ့က ညောင်ရင်းရွာနားမှာ ဒေသကာကွယ်ရေး ခုနစ်ဖွဲ့လောက်နဲ့ တိုက်ပွဲဖြစ်တယ်။ ရွာထဲမှာ မိုင်းခုနစ်နေရာလောက်ကွဲတယ်။ ရှို့နေတဲ့အချိန် မိုင်းတွေကွဲလို့ ဒီကောင်တွေ ကြောက်လန့် ပြန်ဆုတ်သွားတယ်။ မနေ့က တစ်နေ့တည်း ရွာသုံးရွာကို ရှို့တာ "
လက်ရှိ အဲဒီစစ်ကြောင်းဟာ ကျွန်းတိုင်းရွာကနေ ပေါက်မြို့ဘက်ကို ပြန်ဆုတ် သွားတာကြောင့် ဒေသကာကွယ်ရေး အဖွဲ့တွေက မီးရှို့ခံရတဲ့ရွာတွေကို ရှင်းလင်းရေးတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇီးပြားရဲကင်းစခန်းကနေ ရွာစဉ်အလိုက် စစ်ကြောင်းထိုးခဲ့ပြီး လမ်းကြောင်းတစ်လျှောက် PDF အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်လိုက် ရွာကိုဝင်မီးရှို့လိုက် လုပ်နေတာလို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကြောင်းထိုးတဲ့တစ်လျှောက် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် အယောက် ၃၀ ဝန်းကျင် သေဆုံးတယ်လို့ PDF အဖွဲ့တွေဘက်က ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့တာမျိုး သူတို့ဘက်က ဘယ်တော့မှမလုပ်ဘူးလို့ RFA ကို အရင်က ငြင်းဆို ထားဖူးပါတယ်။
နိုဝင်ဘာလ ၂၉ ရက် ဒီကနေ့ ထုတ်ဝေတဲ့ စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာတော့ ၂၀၂၂ ခုနှစ်အတွင်း KIA နဲ့ PDF အဖွဲ့တွေမီးရှို့လို့ မကွေးတိုင်းမှာ အိမ်ခြေ ၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း ပေါက်မြို့နယ်က အိမ်ခြေ ၂၄၀ ခန့်ရှိတဲ့ ကျွန်းတိုင်းရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်မီးရှို့လို့ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။