ပေါက်မြို့နယ် သရက်ကန်ရွာက နေအိမ်ငါးလုံးနဲ့ လက်လုပ်ရေနံတွင်းအချို့ မီးရှို့ခံရ

2022.07.03
ပေါက်မြို့နယ် သရက်ကန်ရွာက နေအိမ်ငါးလုံးနဲ့ လက်လုပ်ရေနံတွင်းအချို့ မီးရှို့ခံရ မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ရွာ မီးလောင်နေသည်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၃ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင်လ ၃ ရက် ဒီနေ့မနက် ၉ နာရီခွဲခန့်မှာ ရွာထဲက နေအိမ်ငါးလုံးနဲ့ လက်လုပ်ရေနံတွင်း တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ သရက်ကန်ရွာက ဒေသခံနှစ်ထောင်ဝန်းကျင်ကတော့ စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်တပ်စွဲတဲ့ ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင်ကတည်းက ထွက်ပြေး နေကြရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ကတည်းက ရွာထဲမှာမီးရှို့တာနဲ့ ပစ္စည်းတွေကို သယ်ယူတာတွေ လုပ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"သရက်ကန်ရွာကို မီးရှို့တာ နေအိမ်ငါးလုံးလောက် မီးထဲပါသွားတယ်။ မနေ့ကတည်းက ရွာထဲကပစ္စည်းတွေကို စစ်တပ်က ယူသယ်နေကြတယ်။ သူတို့က နေအိမ်တွေနဲ့ ရေနံတွင်းတွေကိုပါ မီးရှို့နေတာ"

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က သရက်ကန်ရဲစခန်းကို ဒေသခံကာကွယ်ရေး PDF ပူးပေါင်း အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက ရဟတ်ယာဉ် နှစ်စီးနဲ့ အဲဒီရွာကို ပြန်လည်တိုက်ခိုက်ပြီး တပ်ဝင်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်က တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ညနေပိုင်းထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိလည်း သရက်ကန်ရွာနဲ့ အနီးအနားကရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။