ပေါက်မြို့နယ် ရွာနှစ်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့
2023.03.09

မကွေးတိုင်း၊ ပေါက်မြို့နယ် အုန်းတောတောင်စုရွာနဲ့ အုန်းတောမြောက်စုရွာတို့ကို အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက မတ်လ ၈ ရက်နေ့ မနေ့က မနက် ၉ နာရီခန့်မှာ နေအိမ်တွေကို ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းတွေဝင်လာလို့ အဲဒီရွာနှစ်ရွာက ဒေသခံ တစ်ထောင်ကျော်လည်း တောင်ယာတွေနဲ့ နီးစပ်ရာ ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်၊ အမှတ် - ၈ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းက ထွက်လာတဲ့ စစ်ကြောင်းဟာ အုန်းတောတောင်စုရွာကို တတိယအကြိမ် ဝင်ရောက်မီးရှို့တာ ဖြစ်တယ်လို့ ပေါက်မြို့နယ်က အမည်ဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တောင်စုရွာက တတိယအကြိမ် ရှို့ခံရတာ၊ ပထမတစ်ခေါက်နဲ့ ဒုတိယတစ်ခေါက်တင် နေအိမ် ၂၀ နီးပါး မီးထဲ ပါသွားတယ်။ အခုတစ်ခေါက်တော့ ဘယ်လောက်ပါမယ် မသိဘူး၊ မြောက်စုရွာကတော့ မီးရှို့ခံရတာ ပထမဆုံး အကြိမ်ပေါ့။ အခုထိတော့ နယ်မြေ မတည်ငြိမ်သေးတော့ နေအိမ်တွေ ပျက်စီးတဲ့ အခြေအနေ အသေးစိတ် မသိရသေးပါဘူး"
အုန်းတောတောင်စုရွာမှာ အိမ်ခြေ ၂၀၀၊ လူဦးရေ ၆၀၀ကျော် နေထိုင်ပြီး မြောက်စုရွာကတော့ နေအိမ် ၁၈၀၊ လူဦးရေ ၅၀၀ နီးပါး နေထိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဒီနေ့ နေ့လယ် ၂ နာရီမှာ အဲဒီရွာတွေကနေ ပေါက်မြို့နယ် တောင်ဘက်ခြမ်းကို ပြန်လည်ထွက်ခွာသွားပေမယ့် အပျက်အစီးတွေကို မရှင်းနိုင်သေးတာကြောင့် နေအိမ်တွေကို မပြန်ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မတ်လ ၉ ရက်နေ့ကလည်း ပျဉ်းချောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ပေါက်မြို့နယ် ညောင်ဝန်းရွာနဲ့ ရွာသာအေးရွာတို့ကို ဝင်ရောက်စီးနင်းကာ လက်နက်ကြီး လက်နက်ငယ်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ညောင်ဝန်းရွာက ဒေသခံနှစ်ဦး သေဆုံးပြီး၊ ရွာသာအေးရွာက ဒေသခံ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မကွေးတိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာတွေကို မှတ်တမ်းတင်နေတဲ့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း Data For Myanmar က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ မကွေးတိုင်းက နေအိမ်အလုံးပေါင်း ၈၈၆၃ လုံး မီးရှို့ ဖျက်ဆီး ခံရတယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဖော်ပြထားပါတယ်။