ပေါက်မြို့နယ် စပါးမြှောရွာ စီးနင်းခံရပြီး ငါးဦး သေဆုံး၊ လူ ငါးဆယ်ခန့် ဖမ်းဆီးခံထားရ
2024.12.17

မကွေးတိုင်း ပေါက်မြို့နယ် စပါးမြှောရွာကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် အမျိုးသား ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ရွာခံ ငါးဆယ်ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေက အဲဒီရွာက ရပ်/ကျေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေဖြစ်ပြီး အသက် ၂၀ ကနေ ၃၀ ဝန်းကျင်အရွယ် ကိုသိန်းဝင်း၊ ကိုမောင်ငြိမ်း၊ ကိုဖြိုးကျော်၊ ကိုနေတိုးနဲ့ ကိုလှိုင်းထက်တို့ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ခုနစ်ဆယ်ခန့်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွလည်း ပြန်မလွတ်သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီမှာ ရွာကို ရုတ်တရက် ဝင်ရောက်စီးနင်းတော့ လွတ်တဲ့သူလည်း လွတ်တာပေါ့။ မလွတ်တဲ့သူ တော်တော်များများ ဖမ်းခံလိုက်ရတယ်။ ဖမ်းခံရတဲ့အထဲက ရပ်ကျေးပကဖဝင် ငါးဦး သူတို့ ပျူစောထီးရွာ အနီးမှာ သတ်ခဲ့တာဗျ”
ဖမ်းဆီးခံရသူတွေကို ပေါက်မြို့နယ် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) ကတစ်ဆင့် ပေါက်မြို့ ရဲစခန်းကို ပို့ဆောင်ဖမ်းဆီးထားတယ်လို့ သူက ပြောပါတယ်။
စပါးမြှောရွာမှာ အိမ်ခြေ ၁၆၀ ကျော်နဲ့ လူဦးရေ ရှစ်ရာကျော်နေထိုင်ပြီး ရွာခံတွေဟာ ဒီနေ့အထိ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ပျူစောထီး အဖွဲ့ဝင်တွေရှိတဲ့ ရွှေဘုံသာရွာက စပါးမြှောရွာရဲ့ အနောက်ဘက်မှာ တည်ရှိပြီး စစ်ကောင်စီရဲ့ ရိက္ခာပို့ဆောင်တဲ့ လမ်းကြောင်းမှာ ရှိနေတာပါ။ ဒါကြောင့် စစ်ကောင်စီတပ်က ပျူစောထီးအဖွဲ့ဝင်တွေရှိတဲ့ ရွာတွေကို ရိက္ခာမပြတ်တောက်ဖို့ အဲဒီရွာကို စီးနင်းခဲ့တာလို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း ပေါက်မြို့နယ် ဒီးဒုတ်ကွင်းနဲ့ ရန်ကင်းရွာတွေဘက်ကို စစ်ကောင်စီ တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းစဉ် အရပ်သား ငါးဦး သတ်ဖြတ်ခံခဲ့ရပြီး ၁၅ ဦးခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။