ပေါက်မြို့နယ်မှာ တစ်ပတ်အတွင်း နေအိမ် ငါးရာကျော် မီးရှို့ခံရ
2022.12.05

မကွေးတိုင်း၊ ပေါက်မြို့နယ် ကျွန်းတိုင်းရွာ၊ ဂွေးကုန်းရွာ၊ စသိန်းရွာ၊ ဂဲပင်အင်းရွာ နဲ့ ညောင်ရင်းရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့လို့ တစ်ပတ်အတွင်း နေအိမ် ငါးရာကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ဒေသခံ ၅၀၀၀ နီးပါးလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီရွာငါးရွာကို နိုဝင်ဘာ ၂၀ ရက်ကနေ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်တွေက တစ်ရွာဝင် တစ်ရွာထွက် မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျွန်းတိုင်းက နေအိမ် ၂၈၀ ရှိတာ ၁၉၁ အိမ် မီးလောင်တယ်။ ညောင်ရင်းက နေအိမ် ၄၀၀ ရှိတာ၊ ၂၄၁ အိမ် ပျက်စီးတယ်။ ဂွေးကုန်းက နေအိမ် ၂၅၄ အိမ်ရှိတာ ၁၀၁ အိမ် လောင်တယ်။ ဂဲပင်အင်းရွာက အိမ် ၂၅၀ ရှိတာ ၁၃ အိမ် လောင်တယ်။ စစ်ကြောင်းတွေက ဇီးပြားရဲစခန်းကို ရိက္ခာပို့ပြီး အပြန် ဂဲပင်အင်းနဲ့ ညောင်ရင်းရွာကို မီးဝင်ရှို့တာ"
ဒီအပြင် စသိန်းရွာက နေအိမ် ၈၀ ကျော်လည်း မီးလောင်ကျွမ်းခဲ့တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ ရွာအတွင်းက ပြန်ထွက်ခွာသွားပေမယ့် ဒေသခံတွေက အိမ်မပြန်ရဲသေးဘဲ အနီးအနားကျေးရွာတွေနဲ့ တောင်ယာတွေထဲမှာ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ပြောပါတယ်။
ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တာနဲ့ ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီတပ်ဘက်ကတော့ ဒီနှစ်အတွင်း မကွေးတိုင်းအတွင်း နေအိမ် ၂၈ လုံးကို PDF တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီဇင်ဘာလ ၄ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံတစ်ဝန်း နေအိမ် ၃၈,၅၆၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။