ဘိန်းခင်းတွေဖျက်ဆီးဖို့ လူထောင်ချီ စတင်ထွက်ခွာ
2016.02.24

ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်အနီးက ဆဒုံးနဲ့ ကန်ပိုက်တီနယ်မြေတွေက ဘိန်းခင်းတွေကို ဖျက်ဆီးဖို့အတွက် လူအင်အား ၂၃၀၀ ပါဝင်တဲ့ အဖွဲ့ဟာ အဖွဲ့ ၃ ဖွဲ့ခွဲပြီး ဘိန်းခင်းတွေရှိရာနယ်မြေတွေကို ဒီကနေ့ထွက်ခွာသွားပါတယ်။
ဆဒုံး-ကန်ပိုက်တီ ဒေသတဝိုက်မှာ အဓိကဘိန်းစိုက်ပျိုးထားတဲ့နေရာသုံးခုကို ဖျက်ဆီးဖို့ ရွေးချယ်ထားတယ်လို့ ကချင်လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ဝင် ဦးတန်ဂွန်က ပြောပါတယ်။
"အဓိကနေရာ ၃ နေရာပေါ့လေ၊ အဖွဲ့ ၃ ဖွဲ့က ဆဒုံး-ကန်ပိုက်တီရဲ့ တောင်ဘက်ကိုဝင်ဖို့ စီစဉ်ထားတယ်၊ ကျန်တဲ့အဖွဲ့ ၄ ဖွဲ့က ဆဒုံး-ကန်ပိုက်တီလမ်းရဲ့ မြောက်ဘက်ကို ဝင်ဖို့ဖြစ်ပါတယ်၊ အခုသူတို့ ၁၅ ရက် စီမံချက်အနေနဲ့ သွားမှာဖြစ်ပါတယ်၊ လူအင်အား ၃ဝဝဝ လောက်နဲ့ဆိုရင် ဌာနဆိုင်ရာတွေရောအပါဆိုရင် အားလုံးဒီနေရာမှာ ၁၅ ရက်လောက်နဲ့ ပြီးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ဘိန်းခင်းတွေဟာ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီးမြို့နယ်ခွဲနဲ့ ဆဒုံးမြို့နယ်ခွဲက မော်စီတုန်းရွာ၊ ဝစ်မော်ရွာနဲ့ ကဇုန်ရွာတွေဘက်မှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဘိန်းခင်းဖျက်စီးဖို့ သွားတဲ့အဖွဲ့ခွဲအားလုံးမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နဲ့ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူထုအခြေပြုအဖွဲ့တွေဟာ ကချင်ပြည်နယ် တနိုင်း ၊ ဆွမ်ပရာဘွန်၊ ချီဖွေ၊ မိုးကောင်း၊ ဟိုပင် စတဲ့ မြို့တွေက ဘိန်းခင်းဧက ၃ထောင်ကျော်ကို ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။
အဲဒီလို ဘိန်းခင်းတွေကို လိုက်လံဖျက်ဆီးနေတဲ့ ကချင်လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ဟာ ဝိုင်းမော်မြို့ထဲက ဘိန်းခင်းတွေကို ဖျက်ဆီးဖို့လာရာလမ်းမှာ ၈ရက်ကြာ တားဆီးခံခဲ့ရပြီးနောက် မနေ့ကမှ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ထွက်ခွာခွင့်ရတာဖြစ်ပါတယ်။
ကချင်လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ဝင် ဦးတန်ဂွန်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။