ပုသိမ်မှာ တရုတ်အထည်ချုပ်စက်ရုံတချို့ ပိတ်သိမ်းသွားလို့ လူသုံးထောင်ခန့် အလုပ်လက်မဲ့ဖြစ်နေ

RFA Burmese
2023.12.27
ပုသိမ်မှာ တရုတ်အထည်ချုပ်စက်ရုံတချို့ ပိတ်သိမ်းသွားလို့ လူသုံးထောင်ခန့် အလုပ်လက်မဲ့ဖြစ်နေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ပိတ်သိမ်းခဲ့သည့် North Shore အထည်ချုပ်စက်ရုံအား တွေ့ရစဉ်။
သတင်းအထူးတပ်ဖွဲ့-ပုသိမ်

ဧရာ၀တီတိုင်း ပုသိမ်မြို့က တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ သုံးရုံဟာ အခု ဒီဇင်ဘာလထဲမှာ ပိတ်သိမ်းသွားတာကြောင့် အထည်ချုပ်လုပ်သား သုံးထောင်ခန့် အလုပ်လက်မဲ့ ဖြစ်သွားသလို နစ်နာကြေး အပြည့်အ၀မရတာတွေလည်း ကြုံနေရတယ်လို့ အထည်ချုပ်အလုပ်သမားတွေက ဒီဇင်ဘာလ ၂၇ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

Haubo Times၊ He Shan နဲ့ North Shore စတဲ့ စက်ရုံသုံးရုံဟာ ဒီဇင်ဘာလ ပထမပတ်ကစလို့ ပိတ်သိမ်းခဲ့တာ ဖြစ်ပြီး စက်ရုံမှာကျန်နေသေးတဲ့ ဝန်ထမ်းတချို့ကိုလည်း ဒီလကုန်မှာ အလုပ်က အနားပေးဖို့ ရှိနေတယ်လို့ Haubo Times စက်ရုံက အလုပ်အနားပေးခံရသူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"Haubo Times လည်း ပိတ်သွားပြီလေ။ Haubo Times က အခု ဒီဇင်ဘာပေါ့နော်၊ လေး ငါး ခြောက်ရက် လောက်ကတော့ သူတို့ လစာထုတ်တယ်။ ပြီးလို့ရှိရင် အခု ဒီဇင်ဘာ၂၀ ကျော်အထိကတော့ ကျန်တဲ့ တစ်လိုင်း နှစ်လိုင်းနဲ့ ပြီးရင် ကျန်တဲ့ Other Sections နည်းနည်းပါးပါး ကျန်ရစ်ခဲ့တယ်။ အခု ဒီလကုန်အထိတော့ ဆင်းရမယ် ပြောတယ်”

ဒီစက်ရုံတွေဟာ အပ်ထည်အမှာ မရှိတာ၊ ကုန်ကြမ်းပစ္စည်းမရတာ၊ လျှပ်စစ်မီး အပြည့်အ၀မရတာနဲ့ မီးစက်နဲ့ လည်ပတ်ဖို့ စက်သုံးဆီဝယ်ယူဖို့ခက်ခဲတာတွေရှိတာကြောင့် ပိတ်သိမ်းရတာလို့ ဒီဖြစ်စဉ်ကို သိရှိတဲ့ အထည်ချုပ် လုပ်သားတွေနဲ့ အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသူက ပြောပါတယ်။

စက်ရုံတွေ ပိတ်သိမ်းသွားလို့ အလုပ်သမားတစ်ဦးကို သုံးလစာ အလျော်ပေးခဲ့တာရှိပေမယ့် အချိန်ပိုကြေးနဲ့ အလုပ်သမားဝန်ကြီးဌာနကနေရမယ့် လူမှုဖူလုံကြေးတွေကိုတော့ အလုပ်ရှင်ဘက်က ပေးတာမရှိဘူးလို့လည်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

အလုပ်သမားတွေအတွက် နစ်နာကြေးကိုလည်း အားလုံးတန်းတူပေးတာကြောင့် နှစ်ရှည်လုပ်လာတဲ့ အလုပ်သမားတွေအတွက် နစ်နာမှုတွေ ရှိနေတယ်လို့ ပုသိမ်မြို့က အလုပ်သမားအရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

"လုပ်သက်များတဲ့သူက အလုပ်သမားဥပဒေအရဆိုရင် လျော်ကြေးတော်တော်များများ ရမှာလေ။ သူတို့က အဲဒါလေးကိုလည်း မျှော်မှန်းထားတယ်။ ဒါပေမဲ့ မပေးတဲ့ရုံက မပေးတဲ့အခါကျတော့ စိတ်ဓာတ်တွေလည်း ကျတယ်ပေါ့နော်။ ညီမတစ်ယောက်ဆိုရင် ပေးရမှာက ပမာဏက များတယ်။ ဒါပေမဲ့ တကယ်တမ်းပေးတော့ သုံးသိန်းနဲ့ ဖြတ်ချလိုက်တယ်ပေါ့။ အဲဒီလိုမျိုးပေါ့။ စောဒက တက်လို့လည်း မရဘူး"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ အထည်ချုပ်စက်ရုံသုံးခုက တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ပုသိမ်မြို့က အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းသွားတာနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအောင်သိန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါးဘူ။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း အလုပ်သမား ငါးရာကျော်ရှိတဲ့ ပုသိမ်မြို့က Bent Dest အထည်ချုပ်စက်ရုံပိတ်သိမ်းခဲ့ပြီး အလုပ်သမားတွေကို နစ်နာကြေး ငွေကျပ် သုံးသိန်း ပေးလျော်ခဲ့တာရှိတယ် လို့လည်း အဲဒီစက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

ပုသိမ်မြို့မှာ အရင်က အထည်ချုပ်စက်ရုံ ၁၅ ရုံခန့် ရှိခဲ့ပေမယ့် လက်ရှိမှာ ထက်ဝက်ကျော် ပိတ်သိမ်းသွားပြီလို့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။