မှတ်ပုံတင်ထားတဲ့ ပါတီတွေ အမတ်အမည်စာရင်း ပေးနိုင်ဖို့ အခက်အခဲဖြစ်နေ

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရက် နောက်ဆုံးအချိန် နီးကပ် လာတာနဲ့အမျှ ပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် များနိုင်သမျှ များများ စာရင်းတင်သွင်းနိုင်ဖို့ အပူတပြင်း လုံးပန်းနေ ရသလို အခက်အခဲ တွေ့နေရတယ်လို့ သိရပါတယ်။

2010.08.29
election_local_office_305_Z မြန်မာစစ်အစိုးရ ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်၏ ရန်ကုန်မြို့လည်ကောင် ရပ်ကွက်ရုံးခွဲတခု အပြင်ဘက်မှ မြင်ကွင်းဖြစ်ပါသည်။ (Photo: AFP)
AFP

နိုင်ငံရေးပါတီတွေ အနေနဲ့ သြဂုတ်လကုန် နောက်ဆုံးထားပြီး ကိုယ်စားလှယ်လောင်း အမည်တင်သွင်းဖို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်တဲ့အချိန်ဟာ တိုတောင်းလွန်းတဲ့အတွက် နိုင်ငံရေး ပါတီတွေ အနေနဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ အခက်အခဲတွေ့နေရကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဌ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“အချိန် လုလုပ်ရတယ်ဆိုတော့ အထူးသဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့နေရာမှာ သိပ်ပြီးတော့ စိတ်ကျေနပ်စရာတော့ မရှိခဲ့ဘူး။ အထူးသဖြင့် ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေ ဘာတွေ၊ စစ်စစ်ပေါက်ပေါက် မရွေးချယ်နိုင်ဘူး။ နောက်တခုကလည်း နယ်မြေဒေသ ကျယ်ကျယ်ပြန့်ပြန့် လိုက်ပြီး ကိုယ်စားလှယ်လောင်းတွေကို ရှာဖွေ မှတ်ပုံတင်ခြင်း မပြုနိုင်ဘူးပေါ့။ အဲဒီတော့ ဒါ အင်မတန် အရေးကြီးတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို  ပုံဖော်မယ့် ပုဂ္ဂိုလ်တွေ အနေနဲ့ အခုလို ကမန်းကတမ်း လုပ်ရတယ်ဆိုတာ တကယ်တော့ မဆီလျော်တဲ့ ကိစ္စပဲဗျ။ အဲဒီအတွက်တော့ ကျနော်တို့ ကျေနပ်ဖွယ်ရာ မရှိပါဘူး”

အလားတူပဲ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းရေးနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ ဥက္ကဌ ဦးသုဝေကလည်း အခုလို ပြောပါတယ်။

“မှန်းခြေကတော့ ၆၀ လောက်ပဲ ရှိမယ် ထင်ပါတယ်။ တခြား ဘာမှ ရင်ဆိုင်ရတာ မရှိပါဘူး။ ကိုယ်စားလှယ်လောင်း တင်တဲ့ဟာက ငွေကြေးမတတ်နိုင်လို့ လူပေါင်း ၆၀ လောက်ပဲ ရှိမယ်လို့ မှန်းရတာပေါ့”

ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ကတော့ ရွေးကောက်ပွဲမှာ သူ့အနေနဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးသာ ပါဝင်ယှဉ်ပြိုင်မယ်လို့ RFA ကို အတည်ပြု ပြောဆိုပါတယ်။

ရွေးကောက်ပွဲဝင်မယ့် အတိုက်အခံ ဒီမိုကရေစီ ပါတီတွေအနေနဲ့ အချိန် အခက်အခဲ ငွေရေးကြေးရေး အခက်အခဲတွေကြောင့် ထင်သလောက် ခရီးမပေါက် ဖြစ်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။