ပုဂ္ဂလိက ကျောင်းဖွင့်ခွင့် မူကြမ်း ပညာရေးဝန်ကြီး တင်သွင်း

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ပုဂ္ဂလိက ပညာသင်ကျောင်း ဖွင့်လှစ်ခွင့် မူကြမ်းကို ပညာရေးဝန်ကြီးက တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။

2011.08.23
khin-aung-myint1-305 ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့တွင် ကျင်းပသည့် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိ အမှာစကား ပြောကြားသည့် မြင်ကွင်း ဖြစ်ပါသည်။
AFP PHOTO/POOL/NYEIN CHAN NAING

အဲဒီမူကြမ်းကို၊ ပညာရေး အရည်အသွေး မြင့်မားရေး အတွက် ပညာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အခြေခံပညာ သင်ရိုး ညွှန်းတန်းနဲ့ ဘာသာရပ်တွေ အတိုင်းဖြစ်စေ၊ အဲဒီ ဘာသာရပ်တွေ အတွက် သင်္ခန်းစာ တွေကို ထပ်ဆောင်း သင်ကြားပေးတဲ့ ပုဂ္ဂလိက တည်ထောင် ဖွင့်လှစ်တဲ့ ကျောင်းတွေကို ဆိုလိုတယ်လို့ ဖော်ပြ ထားကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော် တက်နေတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က RFA ကို အခုလို ပြောပါတယ်။

“ပုဂ္ဂလိက ကျောင်းတွေ ဖွင့်ခွင့်ရဖို့ တင်တဲ့သူက ပညာရေးဝန်ကြီး ဒေါက်တာမြအေးက တင်တာပါ။ သူက ဥပဒေ မူကြမ်းကို ဖတ်ပြတယ်။ လွှတ်တော်က ဆွေးနွေးဖို့ ဆွေးနွေးမယ့် သူတွေဟာ လာမယ့် ၂၉ ရက်နေ့ ထိအောင် ဆွေးနွေးမယ့် အကြောင်းအရာကို လွှတ်တော်ကို အချိန်မီ တင်သွင်းပါတဲ့”

အဲဒီ ပုဂ္ဂလိက ကျောင်းတွေဟာ နိုင်ငံခြား အဖွဲ့အစည်း တခုခုက ဦးစီး တည်ထောင်သော၊ ဒါမှမဟုတ် ထို အဖွဲ့အစည်းရဲ့ အကူအညီနဲ့ တည်ထောင်သော ကျောင်း မဖြစ်စေရ ဆိုပြီး ဖော်ပြ ထားတယ်လို့ သိရပါတယ်။

နိုင်ငံသား တဦး ကျောင်း တည်ထောင်ခွင့်နဲ့ ပတ်သက်လို့လဲ တည်ထောင်သူဟာ ငွေကြေး၊ မြေနေရာ၊ စာသင်ဆောင်၊ ကျောင်းသားတွေ နေထိုင်ဖို့ အဆောင်၊ ပစ္စည်း ပရိဘောဂတို့ ရင်းနှီး စိုက်ထုတ် နိုင်သူ ဖြစ်ဖို့ လိုသလို၊ သင်ကြားမယ့် ဆရာ-ဆရာမတွေ ကလည်း ဆရာအဖြစ် သင်ကြားခွင့် မှတ်ပုံတင် လက်မှတ် ရပြီးသူ ဖြစ်ရမယ်လို့ ဖေါ်ပြထား ပါတယ်။

ဒီမူကြမ်း အတည်ဖြစ်နိုင်ဖို့ အတွက် လွှွှတ်တော်မှာ လာမယ့် ရက်တွေ အတွင်း ဆွေးနွေး ကြမယ်လို့ သိရ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။