နေပြည်တော် လွှတ်တော်အစည်းအဝေး ရပ်နား

နေပြည်တော်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ဒီကနေ့ နောက်ဆုံးရက်အဖြစ် အပြီးသတ် ကျင်းပပြီး လွှတ်တော် အစည်းအဝေးတွေကို တစ်လခွဲလောက် ရပ်နားမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက အာရ်အက်ဖ်အေကို ပြောပါတယ်။

2011.11.25

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ဒီကနေ့ မနက် ၁၀ နာရီမှာ ခေါ်ယူထားပြီး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး ဥပဒေမူကြမ်းကို လွှတ်တော်နှစ်ရပ်က မဲခွဲအတည်ပြုပြီးတဲ့နောက် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပြီးဆုံးကြောင်း လွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာမယ်လို့ သိရပါတယ်။

ပထမအကြိမ် ပုံမှန်အစည်းဟာ ၂ လပဲ ကြာခဲ့ပေမယ့် အခု ဒုတိယအကြိမ်မှာတော့ ၃ ကျော် ကြာခဲ့ပါတယ်။

အခုကျင်းပခဲ့တဲ့ လွှတ်တော်မှာ အဓိကအားဖြင့် အလုပ်သမား ဥပဒေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး ဥပဒေနဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက်ဆန္ဒပြခွင့် ဥပဒေတွေကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြပါတယ်။

လွှတ်တော် အမတ်အများစု မနက်ဖြန်မှာ နေရပ်ဒေသ အသီးသီးကို ပြန်ကြမှာဖြစ်ပေမယ့် ကော်မတီ ခေါင်းဆောင်တွေနဲ့ ကော်မတီဝင် ကိုယ်စားလှယ်တွေကတော့ အစီရင်ခံစာ ပြုစု တင်ပြတာ အပါအဝင် သက်ဆိုင်ရာကော်မတီ လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်ဖို့ နိုဝင်ဘာလကုန်အထိ ဆက်လက် တာဝန် ထမ်းဆောင်ရပါမယ်။ နေရပ်ဒေသ အသီအသီးကို ပြန်သွားမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အတည်ပြုလိုက်တဲ့ ဥပဒေတွေရဲ့ အားနည်းချက် အားသာချက်တွေကို အနီးကပ်စောင့်ကြည့်လေ့လာကြရဖို့ ရှိတယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေကို လာမယ့် ၂၀၁၂ ခု ဇန်နဝါရီလအတွင်း ပြန်လည် ခေါ်ယူဖွယ်ရှိပြီး နိုင်ငံတော်ဘက်ဂျက် ခွဲဝေလျာထား သုံးစွဲရေးကိစ္စတွေ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒီအတောအတွင်း လွှတ်တော် အကြီးအကဲတွေနဲ့ ကော်မတီ ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာ လာရောက် လည်ပတ်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ဒီဇင်ဘာ ၁ ရက်မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။