အခွန်စနစ်ပြောင်းဖို့ လွှတ်တော်မှာ ဆွေးနွေး
2016.07.28

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးစတဲ့ ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတိုးတက်ဖို့အတွက် အစိုးရအနေနဲ့ အခွန်ကောက်ခံမှု စနစ်ကို ပြောင်လဲကျင့်သုံးဖို့ လိုအပ်ကြောင်း ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံဟာ အာဆီယံမှာ အခွန်ကောက်ခံရရှိမှု အနည်းဆုံး နိုင်ငံဖြစ်နေတဲ့အတွက် အခွန်ကောက်ခံတဲ့စနစ်ကို ပြင်ဆင်ကောက်ခံသင့်တယ်လို့ ဒဂုံမဲဆန္ဒနယ်က ဒေါက်တာသက်သက်ခိုင် က ဆွေးနွေးသွားပါတယ်။
"ကျမတို့နိုင်ငံရဲ့ အခွန်ကောက်ခံမှုရရှိငွေဟာ အသုံးစရိတ်ထက် နှစ်စဉ်လျော့နည်းနေပြီး ဘဏ္ဍာရေးလိုငွေပြမှုဟာ နာတာရှည်ရောဂါလို စွဲကပ်နေတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ရာဇဝင်မှာ အစိုးရအဆက်ဆက်တွေဟာ အခွန်ကောက်ခြင်းလုပ်ငန်းတွေနဲ့ လုံးလည်ချာလည်လိုက်ခဲ့ကြပြီး လက်ရှိအခြေအနေမှာလည်း မြန်မာနိုင်ငံဟာ အာဆီယံမှာ အခွန်ကောက်ခံမှု အနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေရတာပါ၊ ဒါကြောင့်မို့ အခွန်ကို ထိထိရောက်ရောက် ကောက်ခံနိုင်ဖို့ အခွန်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့အချိန်လည်းဖြစ်ပါတယ်"
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဒုတိယ ၆ လပတ် အခွန်ကောက်ခံရငွေ စာရင်းတွေ အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကိုအခြေခံပြီး ဒီကနေ့ လွှတ်တေ်ာကိုယ်စားလှယ်တွေ က ဆွေးနွေးခဲ့ကြတာပါ။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခွန်စနစ်ပြုပြင်ပြောင်းလဲရေး အတွက် ကမ္ဘာ့ဘဏ်၊ အပြည်အပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် စတဲ့အဖွဲ့ အစည်းတွေရဲ့ အကူအညီတွေနဲ့ ကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း ပြောပါတယ်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများရဲ့ ဒုတိယ ၆ လပတ် အခွန်ရငွေ စုစုပေါင်းဟာ ကျပ် ၃၉၅၆ ဘီလီယံ ရရှိကြောင်း ဝန်ကြီးဌာနရဲ့စာရင်းမှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ရဲ့ ဒုတိယ ၆ လအတွင်း အခွန်ငွေ ကောက်ခံရရှိမှုနဲ့ ပတ်သက်တဲ့ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးကြပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြပေးထားပါတယ်။