ဂျပန်ရောက် မြန်မာတွေ ဝင်ငွေခွန် ပေးဆောင်ဖို့ စစ်ကောင်စီပြော

RFA Burmese
2023.12.21
ဂျပန်ရောက် မြန်မာတွေ ဝင်ငွေခွန် ပေးဆောင်ဖို့ စစ်ကောင်စီပြော ဂျပန်နိုင်ငံ အိုတာဝါရာမြို့ရှိ SHISEIDO အလှကုန်စက်ရုံတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
AFP

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိရရှိတဲ့ လစာဝင်ငွေရဲ့ နှစ်ရာခိုင်နှုန်းကို လစဉ် ဝင်ငွေခွန် ပေးဆောင်ဖို့ တိုကျိုမြို့မှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးကနေ ဒီဇင်ဘာလ ၂၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

တစ်လ ဂျပန်ငွေ ယန်း နှစ်သိန်းရသူတွေက ဝင်ငွေခွန်အဖြစ် ယန်းလေးထောင်၊ ယန်း နှစ်သိန်းအောက်ရသူတွေက ဝင်ငွေခွန် ယန်း သုံးထောင် လစဉ် ပေးဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့ သက်သာခွင့်တွေ ပေးမှာဖြစ်ပြီး ယန်း လေးထောင် ပေးဆောင်ရမယ့်သူက ယန်း နှစ်ထောင်သာ လစဥ် ပေးသွင်းဖို့နဲ့ ယန်း သုံးထောင် ပေးသွင်းရမယ့်သူဟာ ယန်းတစ်ထောင် လစဥ် ပေးသွင်းရမယ်လို့လည်း စစ်ကောင်စီ မြန်မာသံရုံးက ပြောထားပါတယ်။

ဂျပန်ရောက် မြန်မာတွေဆီကရရှိတဲ့ အခွန်အခတွေနဲ့ ပြည်တွင်းက ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်မှာကို မလိုလားတဲ့အတွက် စစ်ကောင်စီကို အခွန်ပေးဆောင်မှာ မဟုတ်ဘူးလို့ ဂျပန်ရောက် မြန်မာတစ်ဦးဖြစ်တဲ့ ကိုရဲထက်ဇော်က RFA ကို ပြောပါတယ်။

“သူတို့ (စစ်ကောင်စီ) ကောက်တဲ့အခွန်ကို ပေးကို မပေးချင်ဘူး။ ကိုယ်က ပေးလိုက်လို့ ပြည်သူတွေ ပြန်ပြီး ထိခိုက်မှာမျိုးလည်း မလိုချင်ဘူး။ မဖြစ်မနေ ပေးရမယ်ဆိုရင်လည်း သူတို့ကိုပေးတာထက် တော်လှန်ရေးအဖွဲ့တွေဘက်ကို နှစ်ဆ၊ သုံးဆလောက် ပေးနိုင်ဖို့ တော့ ပိုပြီးကြိုးစားရမယ် ထင်တယ်”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြင်ဆင်ထုတ်ပြန်တဲ့ ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကစပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဝင်ငွေခွန် ပေးဆောင်ရမှာဖြစ်ပါတယ်။

ဒါဟာ ၂ဝ၁၂ ခုနှစ်ကစပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ကင်းလွတ်ခွင့်ပေးထားတဲ့ ဝင်ငွေခွန်ကို စစ်ကောင်စီက ပြန်လည် ကောက်ခံတာ ဖြစ်ပါတယ်။

ဒီအပြင် ပြည်ပ နိုင်ငံအသီးသီးမှာ အလုပ်သွားလုပ်နေသူတွေအနေနဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြနိုင်မှ နိုင်ငံကူးလက်မှတ် သက်တမ်း တိုးပေးမယ့်အကြောင်းကိုလည်း စစ်ကောင်စီက အသိပေးထားပါတယ်။

ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း လစဥ်ပေးဆောင်ခိုင်းတာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာအလုပ် သမားတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

ပြည်ပရောက် မြန်မာတွေအနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း ပြည်တွင်းထံ ဘဏ်တွေကနေတစ်ဆင့် တရားဝင်လမ်းကြောင်းနဲ့ လစဉ် လွှဲပို့ကြဖို့ စစ်ကောင်စီက ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။