ဖုန်းအခွန်တိုးကောက်ပြီး အင်တာနက်အသုံးပြုမှု စစ်ကောင်စီထိန်းချုပ်

2022.01.09
ဖုန်းအခွန်တိုးကောက်ပြီး အင်တာနက်အသုံးပြုမှု စစ်ကောင်စီထိန်းချုပ် ဖုန်းအရောင်းဆိုင် တစ်ခုမှာ Ooredoo ဖုန်းဆင်ကဒ် အသစ်တပ်ဆင်ပေးနေတာကို တွေ့ရစဉ်
Photo: AFP

မိုဘိုင်းဖုန်း ဆင်းကဒ် တစ်ကတ်ဝယ်ရင် အခွန် ၂ သောင်းပေးဆောင်ရမယ့် ဥပဒေတစ်ရပ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၆ ရက်နေ့မှာ ပြင်ဆင်ပြဌာန်းလိုက်ပါတယ်။

အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေဟာလည်း ရတဲ့ဝင်ငွေအပေါ်မှာ ကုန်သွယ် လုပ်ငန်းခွန်အဖြစ် ဆယ့်ငါး ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ ဥပဒေမှာပါပါတယ်။

ဒီဥပဒေဟာ သတင်းအမှောင်ချဖို့ အင်တာနက် အသုံးပြုမှုတွေကို ကန့်သတ်ဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ပြည်သူအများစုက ရှုမြင်ကြပါတယ်။

စစ်ကောင်စီဘက်ကတော့ အင်တာနက်ကို အလွန်အကျွံ အသုံးပြုမှုကြောင့် အလုပ်အကိုင်တွေနဲ့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို လျှော့ချပေးနိုင်ဖို့ အခုလို အခွန်တိုးမြှင့် ကောက်ခံလိုက်တာလို့ အကြောင်းပြ ထုတ်ပြန်ပါတယ်။

RFA နဲ့ စကားပြောခဲ့တဲ့ ရန်ကုန်မြို့ဒေသခံ တစ်ဦးကတော့ သတင်းအမှောင်ချထားခဲ့တဲ့ အရင် စစ်အစိုးရ ခေတ်တွေကို ပြန်ရောက်လာနေပြီလို့ ပြောပါတယ်။

"ဆင်းကဒ်သုံးတာနဲ့ အခွန်ငွေ နှစ်သောင်းပေးရတဲ့ကိစ္စကို ကျွန်တော့်အနေနဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ ကိစ္စလို့ မြင်တယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကလည်း ဆင်းကဒ်တန်ဖိုးအပြင် အင်တာနက် သုံးစွဲဖို့အတွက် တစ်သောင်းခွဲပေးခဲ့ရတဲ့ ကိစ္စမျိုးတွေရှိခဲ့တယ်။ ဘာကြောင့် ဒီလိုလုပ်လာတာလဲဆိုတော့ ကျွန်တော့်အမြင် အရတော့ ဘဏ္ဍာရေး လိုအပ်ချက်ကြောင့်ဖြစ်နိုင်တယ်။ နောက်ပြီးလူထုကို အင်တာနက် အသုံးပြုမှုတွေ ပိုမိုကန့်သတ် ချုပ်ချယ်တာမျိုးတွေ လုပ်လာချင်တဲ့အတွက်လည်း ဖြစ်နိုင်တယ်။ ဒီ အကြောင်းအရင်း နှစ်ချက်ကိုပဲ ကျွန်တော့်အနေနဲ့ အဓိကမြင်ပါတယ်။ တခြားအကြောင်းအရင်းတွေလည်း ရှိကောင်းရှိနိုင်ပါတယ်"

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ ခုခံတော်လှန်နေတဲ့ ဒေသတွေကို ပြီးခဲ့တဲ့ နှစ် ဩဂုတ်လက စလို့ အင်တာနက် ဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။ နိုင်ငံတစ်ဝန်းက မြို့နယ် ပေါင်း ၂၉ ခုမှာ လက်ရှိအချိန်ထိ အင်တာနက် ဖြတ်တောက်ထားပါတယ်။

အဲဒီမြို့နယ်ပေါင်း ၂၉ ခုမှာ ကျေးရွာပေါင်း ငါးထောင်ကျော်ရှိပြီး လူပေါင်း လေးသန်းနီးပါး နေထိုင်ပါတယ်။ အဲဒီ ပြည်သူတွေဟာ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးမှုတွေနဲ့ ရင်ဆိုင် နေကြရတာ ဖြစ်ပါတယ်။

"ဘေလ်ရှိရင် တောင်မှ ကြည့်လို့ရှိရင် ဟိုးအရင် အင်တာနက်စဖွင့်ကာစ ပုံစံမျိုးပေါ့"

စစ်ကိုင်းတိုင်းထဲမှာဆိုရင် အရာတော်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ဆားလင်းကြီးစတဲ့ မြို့နယ်ပေါင်း ၁၂ ခုပါဝင်ပြီး အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် မှန်ကန်တဲ့ သတင်းရဖို့ အခက်အခဲ ရှိနေတယ်လို့ ကနီဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ကတော့ ကျွန်တော်တို့ဘက် လတ်တလော ဖုန်းလိုင်းဖြတ်တာတော့ ရှိတယ် အခုတော့ ပြတ်တောင်း ပြတ်တောင်းပဲ။ ဆက်လို့ကတော့ ရတာပေါ့ နှစ်ခါ သုံးခါ ပြန်ခေါ်နေတာ။ ကျွန်တော်တို့ တော်လှန်ရေး လုပ်တဲ့ နေရာမှာ အင်တာနက် မိခြင်း၊ မမိခြင်းနဲ့တော့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။ သို့သော် အင်တာနက် မမိတဲ့အတွက် မှန်ကန်တဲ့ သတင်းစီးဆင်းမှုတွေက နောက်ကျစေတယ်ပေါ့”

အင်တာနက်မရတဲ့ ဒေသအတွင်းက ပြည်သူတွေဟာ အင်တာနက်ရနိုင်မယ့် နေရာတွေကို တကူးတက သွားရောက် သုံးစွဲရတာမျိုးတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲအပြင်းအထန် ဆင်နွဲနေတဲ့ ကယားပြည်နယ်ထဲမှာ ဆိုရင်လည်း ဒီးမော့ဆို မြို့နယ်နဲ့ ဖရူဆိုမြို့နယ်တို့က လူပေါင်းတစ်သိန်းကျော်နေတဲ့ ကျေးရွာပေါင်း ၂၈၈ ရွာမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လကစလို့ အင်တာနက် ဖြတ်တောက် ခံထားရတယ်လို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

internet using
(မိုဘိုင်းလ်ဖုန်းဖြင့် ဖေ့စ်ဘွတ်လူမှုကွန်ရက် သုံးစွဲနေစဉ်) Photo: AFP

“အရင်တုန်းကဆို ဒီအတိုင်းပဲ ကြည့်လို့ရှိရင် ဘေလ်ရှိရင် အဆင်ပြေတယ်။ အခုကျတော့ ဘေလ်ရှိရင် တောင်မှ ကြည့်လို့ရှိရင် ဟိုးအရင် အင်တာနက်စဖွင့်ကာစ ပုံစံမျိုးပေါ့ အဝိုင်းလေးလည်တာနဲ့ပဲ ပြီးသွား တယ်။ သတင်းလေးတောင်မှ ကြည့်လို့ အဆင်မပြေဘူးပေါ့။ သူတို့ အင်တာနက်ဖြတ်တယ် ပြောလည်း ရတယ်။ ဒါပေမဲ့ လွှင့်တော့ လွှင့်တယ်။ ဒီအတိုင်း စာလေးဘာလေး နည်းနည်းပါးပါး တစ်ခု တစ်လေ လောက်ပဲ ကြည့်လို့ရတာ။ ပြီးခဲ့တဲ့ ၁၀ လပိုင်းကလို မဟုတ်ဘူးပေါ့။ အဲဒီတုန်းကဆို ကောင်းကောင်း ကြည့်လို့ရတယ်။ သတင်းဆိုလည်း ဝေဝေဆာဆာ ကြည့်လို့ရတာပေါ့နော်။ အခုကျတော့ အဲဒီလိုမျိုး မဟုတ်တော့ဘူး”

လွိုင်ကော်ခရိုင်ထဲက ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တို့မှာ အရင်က ကြိုးမဲ့အင်တာနက်တွေကို အသုံးပြုလို့ ရခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစလို့ အသုံးပြုလို့ မရတော့တာလို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ အင်တာနက် ဖြတ်တောက်မှုတွေကို ဩဂုတ်လ ၂၀ ရက်နေ့က ကချင်ပြည်နယ် ဖားကန့် မြို့နယ်၊ စက်တင်ဘာ ၂၃ မှာ ချင်းပြည်နယ် ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စတဲ့မြို့နယ် ၇ ခု၊ စက်တင်ဘာ ၁၅ ရက်နေ့ ဝန်းကျင်ကစလို့ စစ်ကိုင်းမှာ မြို့နယ်ပေါင်း ၁၂ ခု၊ မကွေးတိုင်းက တောင်တွင်းကြီး၊ မြိုင်၊ ဂန့်ဂေါ၊ ထီးလင်း စတဲ့ ၄ မြို့နယ်၊ မန္တလေးက မြင်းခြံ၊ မိုးကုတ် နဲ့ နိုဝင်ဘာလကစလို့ ကယားပြည်နယ်က မြို့နယ်နှစ်ခုမှာ လုပ်ဆောင်ခဲ့တာပါ။

ဒါ့အပြင် မိုဘိုင်းဒေတာနှုန်းထားတွေဟာလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၈ ရက်နေ့ကစလို့ မူလထက် နှစ်ဆ ဈေးမြင့်တက်လာခဲ့ပြီး ဒါဟာ စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် မြင့်တက်ရတာ ဖြစ်တယ်လို့ ပြည်တွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုက အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းတဲ့နေ့မှာ အင်တာနက်လိုင်းနဲ့ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်တာ၊ လူထုဆန္ဒပြပွဲတွေ ရှိနေချိန် အင်တာနက် ယာယီကန့်သတ်၊ ဖြတ်တောက်တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာ ပြည်သူ လေးသန်းနီးပါးခန့် အင်တာနက် ဆက်သွယ်ရေးနဲ့ အလှမ်းဝေးနေချိန်မှာ အခု မိုဘိုင်း ဆင်းကဒ် အခွန်တွေကိုပါ အဆမတန် တိုးမြှင့်ကောက်ခံလိုက်တဲ့အတွက် ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းတွေမှာ ပိုပြီး အခက်အခဲရှိလာနိုင်တယ်လို့ လေ့လာသူတွေက ထောက်ပြ ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။