မိုးကုတ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် TNLA က ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်ထား
2024.11.14

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ နိုဝင်ဘာ ၁၁ ရက်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး နောက်တစ်ရက်မှာပဲ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို TNLA ဘက်က ဖြတ်လိုက်တယ်လို့ ထိုင်းနိုင်ငံကိုရောက်နေတဲ့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းကတည်းက ဖုန်းလိုင်း စတင်ပြတ်တောက်ခဲ့ပြီးနောက် ညနေပိုင်းမှာ အင်တာနက်လိုင်းတွေပါ ပြတ်တောက်သွားတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းရန်ကို စိုးရိမ်တာကြောင့် TNLA ရဲ့ မြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီက ယာယီ ဖြတ်တောက်လိုက်တာလို့ ထိုင်းနိုင်ငံရောက် မိုးကုတ်ဒေသခံ ကိုဝေလွင်ဦးက RFA ကို ပြောပါတယ်။
“မနက်ပိုင်း ဖုန်းရတဲ့အချိန် အမေပြောခဲ့တာတော့ ဖုန်းလိုင်းတွေ ဖြတ်တော့မယ်လို့ ကြားတယ်ပေါ့။ တကယ်လို့ ပြတ်သွားရင် မစိုးရိမ်ဖို့။ အခြေအနေမကောင်းရင် မန္တလေးဘက်ကို ဆင်းမယ်လို့ ပြောတယ်။ အခုတော့ ဖုန်းရော အင်တာနက်ပါ ပြတ်သွားပါပြီ။ ဖုန်းလိုင်းကတော့ CDMA တစ်မျိုးပဲ ရတာ။ အင်တာနက်ကတော့ StarLink သုံးကြတယ်”
မိုးကုတ်မြို့ထဲမှာ စစ်ကောင်စီကို သတင်းပေးသူတွေ ရှိနေလို့ဆိုပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာလို့ ဆိုပါတယ်။
ဘယ်လောက်ကြာကြာ ဖြတ်တောက်မယ်ဆိုတဲ့ အသေးစိတ်အခြေအနေကိုလည်း အတိအကျ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ပြောခွင့်ရသူ လွေးယေဦးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုသေးပါဘူး။
နိုဝင်ဘာ ၁၃ ရက်နေ့က မိုးကုတ်မြို့နယ်က ရပ်ကွက်သုံးခုထက်မနည်းကို လေကြာင်းတိုက်ခိုက်ခံရပြီးနောက် အရပ်သား ကိုးဦး သေဆုံးကာ၊ ၁၃ ဦး ဒဏ်ရာရရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ၂၀၂၄ ခုနှစ်၊ ဇူလိုင်အတွင်းမှာ TNLA နဲ့ ပူးပေါင်းတပ်က သိမ်းယူခဲ့ပြီးနောက် မိုးကုတ် ဒေသခံအများစုဟာ မြို့ကို ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။