ကျောက်မျက်ဥပဒေပြင်ဖို့အတွက် ပြည်သူ့အသံ ကြားနာ
2018.01.04

မကြာခင်ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ပြင်ဆင်ဖြည့်စွက် အတည်ပြုပြဌာန်းနိုင်ဖို့ ပြည်သူ့လွှတ်တော်ရဲ့ ကော်မတီနှစ်ရပ်က ဖားကန့်မြို့ စုပေါင်းရုံးခန်းမမှာ ပြည်သူ့အသံကို ဒီကနေ့ ကြားနာခဲ့ပါတယ်။
ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေအနေနဲ့ စက်ယန္တရားတွေကို ဥပဒေနဲ့အညီ သုံးစွဲအောင် ပြန်လည်စိစစ်ပေးဖို့ အပါအဝင် ဒေသတွင်းအခြေအနေတွေကို လူထုက တင်ပြခဲ့တယ်လို့ ဖားကန့်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက RFA ကို ပြောပါတယ်။
"လုပ်ငန်းခွင်မှာ လုပ်နေကြတဲ့ ဒီ အခုကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ကိစ္စ အတော် များများပေါ့ဗျာ။ မိုင်းခွဲတဲ့ကိစ္စတွေ၊ လုပ်ကွက်သက်တမ်းတွေ ကုန်နေတဲ့ဟာတွေ ဆက်လက်ပြီးရှိနေတဲ့ ကိစ္စတွေကို ပြည်သူလူထုကို ပွင့်လင်းမြင်သာအောင် ချပြမှုမရှိတဲ့ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင် ကိစ္စတွေ၊ နောက်ပြီးတော့မှတစ်ခါ ပြပွဲတွေကို နှစ်တိုင်းနှစ်တိုင်း နေပြည်တော်မှာပဲ လုပ်နေတာကို မြစ်ကြီးနားမှာ လုပ်ဖို့ကိစ္စတွေ၊ နောက်တစ်ခါ ယန္တရားတွေ သုံးစွဲတဲ့ကိစ္စမှာ ဥပဒေနဲ့အညီ ပြန်လည်စိစစ်ပြီးမှ သုံးစွဲဖို့ကိစ္စတွေ တော်တော်များများ ပါပါတယ်ခင်ဗျ"
ကျောက်မျက်ဥပဒေထဲမှာပါတဲ့ ခွင့်ပြုချက်မရှိဘဲ ကျောက်မျက်ရတနာ တူးဖော်လုပ်ကိုင်တာ၊ ကျောက်စိမ်း လက်ဝယ် ထားပြီး သယ်ယူရောင်းဝယ်တာတွေ မပြုလုပ်ဖို့ စတဲ့အချက်တွေပါတဲ့ ပုဒ်မ ၄၁ နဲ့ ၄၂ တွေကို ပြင်ဆင်ဖို့ တင်ပြခဲ့ တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေက အင်အားကြီးစက်ယန္တရားတွေနဲ့ အလွန်အကျွံ တူးဖော်လို့ ရေအရင်းအမြစ်တွေဆုံးရှုံးပြီး ရေရှားပါးနေတဲ့အကြောင်းကိုလည်း တင်ပြဆွေးနွေးခဲ့ကြပါတယ်။
ပြည်သူ့လွှတ်တော် သစ်တော၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီနဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဟာ မနေ့က ဖားကန့်ဒေသက လက်လှမ်းမီတဲ့ ကျောက်စိမ်းလုပ်ကွက်တွေကို သွားရောက်လေ့လာခဲ့ပြီး ဒီကနေ့မှာ လူထုအသံကို ကြားနာခဲ့တာဖြစ်ပါတယ်။
ကျောက်မျက်ဥပဒေကို ၁၉၉၅ ၊ ၂၀၀၃ နဲ့ ၂၀၁၆ ခုနုစ်တွေမှာ ပြင်ဆင်ခဲ့ပြီး အခုတစ်ကြိမ် ပြည်ထောင်စုလွှတ်တော် မှာ ပြင်ဆင်ပြဌာန်းနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။