ဒေါ်လာ ၇ ဘီလျံ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း လွှတ်တော်မှာ မဲခွဲအတည်ပြု
2015.12.29

အမေရိကန်ဒေါ်လာ ၇ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တည်ဆောက်မယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိုနယ်နိမိတ် သတ်မှတ်ထုတ်ပြန်ဖို့ကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် ဒီနေ့ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
အထူးစီးပွားရေးဇုန်နယ်နိမိတ်ကို သတ်မှတ်ပြီးနောက် ရင်းနှီးမြှုပ်နှံမယ့်သူကို ရွေးချယ်ကြေညာတာ၊ မူဘောင်သဘော တူညီချက်၊ ရင်းနှီးမြှုပ်နှံမှု သဘော တူညီချက် နဲ့ မြေယာငှားရမ်းမှု သဘောတူညီချက်တို့ကို ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော် က နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။
"ရင်းနှီးတည်ဆောက်သူကို ရွေးချယ်နိုင်ဖို့အတွက် ကျနော်တို့အနေနဲ့ တင်ဒါအောင်မြင်ကြောင်း ကို ကြေညာဆောင်ရွက်ခြင်းသာဖြစ်ပါတယ်၊ ဒါကိုဆောင်ရွက် ပြီးတဲ့အခါမှာ ဆက်လက်ဆောင် ရွက်သွားရမှာကတော့ နံပါတ် ၁ မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့အတွက် ညှိနှိုင်းရမှာဖြစ်ပါတယ်၊ အဲ့ဒါပြီးတော့မှ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို ချုပ်ဆိုကြရမှာဖြစ် ပါတယ်၊ မြေယာငှားတဲ့သဘောတူညီချက်တွေကို ချုပ်ဆိုကြရမှာဖြစ်ပါတယ်၊ အဲ့ဒါပြီးတော့နောက် ဆုံးပိတ်မှ တည်ဆောက်ခြင်းသဘောတူညီချက်ကို တည်ဆောက်ရမှာဖြစ်ပါတယ်"
အထူးစီးပွားရေးဇုန် စီမံကိန်းကို မြေဧက ၄ထောင်ကျော်မှာ ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၇ ဘီလီယံကျော်နဲ့ အကောင်အထည်ဖော် မှာဖြစ်ပြီး ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊ အဆင့်မြင့်အိမ်ရာ စီမံကိန်းတွေပါဝင်တယ်လို့ သိရပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ရှယ်ယာအကျိုးအမြတ်ခွဲဝေမှုအရ မြန်မာဘက်က ၁၅ ရာခိုင်နှုန်း၊ နိုင်ငံခြား ကုမ္ပဏီဘက်က ၈၅ ရာခိုင်နှုန်း ရယူဖို့ သတ်မှတ်ထားတဲ့အပေါ် ကိုယ်စားလှယ်တွေက မကျေနပ်ကြောင်း လည်း ဆွေးနွေးခဲ့ကြပါတယ်။
လက်ရှိမှာ ရွှေ့ပြောင်းပေးရမယ့် ကျေးရွာတွေ ရှိနေတဲ့အတွက် လျော်ကြေးနဲ့ ပတ်သက်ပြီး ရှင်းလင်းတာ မရှိသေးဘူး လို့ ဒေသခံတွေကပြောပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျောက်ဖြူမြို့မှာ ရွှေ့ပြောင်းပေးရမယ့်ကျေးရွာတွေ က ဒေသခံတွေက ဇုန်နယ်နိမိတ်သတ်မှတ်တာကို အချိန်ယူစဉ်းစားပေးဖို့ နဲ့ ပြောင်းရမယ်ဆိုရင်လည်း အလုပ်အကိုင် အခွင့်အလမ်းအတွက် စဉ်းစားပေးဖို့ တောင်းဆိုခဲ့ကြပြီး လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းထံ စာရေးသား ပေးပို့ခဲ့တယ် လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မသီရိမင်းဇင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။