ပညာရေးမူဝါဒသစ် ရေး ဆွဲရေးဆွေးနွေးဖို့ လွှတ်တော် အတည်ပြု
2016.08.09

လက်ရှိ ပညာရေးစနစ်ဟာ တွေးခေါ်မြော်မြင်မှုမရှိဘဲ အလွတ်ကျက်ဖြေနေရတဲ့ စနစ်ဖြစ်တာကြောင့် မှန်ကန်တဲ့ ပညာရေးမူဝါဒတစ်ရပ် ရေးဆွဲပေးဖို့ ပညာရေး ဝန်ကြီးဌာနထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ တနင်္လာနေ့က တင်သွင်းလိုက်ပါတယ်။
အဆိုတင်သွင်းတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက စာမေးပွဲလွှမ်းမိုးတဲ့ ပညာရေးစနစ် ကို ပြောင်းလဲဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် မှာ တင်ပြခဲ့ပါတယ်။
"စာမေးပွဲစနစ်ကို ဆန့်ကျင်တာလည်းမဟုတ်ပါဘူး၊ ကန့်ကွက်တာလည်းမဟုတ်ပါဘူး၊ စာမေးပွဲ ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ ဆုံးဖြတ်တာဟာ နိုင်ငံပညာရေး၊ နိုင်ငံတော်ရဲ့ရည်ရွယ်ချက်၊ အမျိုးပညာရေးရဲ့ရည် ရွယ်ချက်တွေကို ဘယ်လိုမှအထောက်အပံ့မဖြစ်တာကို တင်ပြလိုခြင်းဖြစ်ပါတယ်၊ အဓိကကတော့ စာမေးပွဲ လွှမ်းမိုးတဲ့ ပညာရေးစနစ်ကို မဖြစ်စေလိုခြင်းဖြစ်ပါတယ်၊ စာမေးပွဲမေးတဲ့ မေးခွန်းအများစု မှာလည်း ကြည့်မယ်ဆိုရင် တွေးခေါ်မြော်မြင်မှုပါတဲ့ ပညာသင်ကြားခြင်း၊ တတ်မြောက်မှုစနစ် မဟုတ်ဘဲနဲ့ ပုံနှိပ်စာအုပ်ထဲမှာပါတဲ့ဟာကို အလွတ်ကျက်၊ ပြီးရင်ပြန်ပြီးရေးနိုင်တဲ့ အလွတ်ကျက် ပညာရေးစနစ်ကိုပဲ ဦးတည်ထားခြင်းဖြစ်ပါတယ်"
ကျောင်းသူ၊ ကျောင်းသားတွေဟာ စာကိုအလွတ်ကျက်နေရတဲ့အတွက် တွေးခေါ်မှုအပိုင်းမှာ အားနည်း သွားကြောင်း၊ ကျောင်းသားမိဘတွေအနေနဲ့ သားသမီးတွေရဲ့စာမေးပွဲ အောင်မြင်စေရေး အတွက် ငွေကြေးတွေ ကို မတန်တဆသုံးစွဲနေကြောင်းတို့ကို ဒေါက်တာလှမိုး က တင်ပြခဲ့ပါတယ်။
ဒါ့အပြင် လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး ကလည်း ကျေးလက် ဒေသမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေအတွက် ဝန်ထမ်းအိမ်ရာတွေ ကို ပြည်ထောင်စုအစိုးရရဲ့ဘတ်ဂျက်နဲ့ ဆောက်လုပ်ပေးဖို့၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခွင့်ပြုငွေချပေး ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ပါတယ်။
အဲ့ဒီအဆိုနှစ်ခုကို ကန့်ကွက်သူမရှိတဲ့အတွက် ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။