လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် တချို့ကို အရေးယူပေးဖို့အဆို လွှတ်တော်အတည်ပြု
2016.09.26

အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူလုပ်ကိုင်နေတဲ့ မိန်းကလေးနှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူပေးဖို့ တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးနဲ့ လူ့အခွင့်အရေးကော်မရှင်အဖွ့ဲဝင် ဦးဇော်ဝင်း က ပြန်လည် ရှင်းလင်းပြီးနောက် မဲခွဲဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ကော်မရှင်အဖွဲ့ဝင်တချို့ကို အရေးယူဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် တာဝန်ရှိ တဲ့ ကော်မရှင်ဝင်တချို့ကို ရာထူးကရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးရမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန် က ပြောပါတယ်။
"ပထမဆုံးက သူတို့ကို ရာထူးကနေရပ်စဲဖို့ အရေးကြီးတယ်၊ ရာထူးရပ်စဲပြီးတဲ့အခါမှသာ စုံစမ်းစစ်ဆေးရေး ပြန်ပြီးတော့လုပ်ရမယ်"
လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အကာအကွယ်မပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တချို့ကို ထိရောက်စွာ အရေးယူပေးဖို့ ပြည်ထောင်စု အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ရက်နေ့က တင်သွင်းခဲ့ တာဖြစ်ပါတယ်။
အဆိုကို ဆွေးနွေးသူအားလုံးက ထောက်ခံခဲ့ကြပြီး မဲခွဲဆုံးဖြတ်ရာမှာ အဆိုကို ထောက်ခံမဲ ၃၇၄မဲ၊ ကန့်ကွက်မဲ ၁မဲ နဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။